
ကရင်ပြည်နယ်တွင်းက အခြေခံပညာအထက်တန်းကျောင်းတွေမှာ တစ်သျှူးငှက်ပျောစိုက်ပျိုးဖို့နဲ့ နွားမွေးမြူဖို့ စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ဟာ ကျောင်းသား တွေရဲ့ ပညာရေးကို ထိခိုက်နိုင်တယ်လို့ မြို့ခံတွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင် တရုတ်နိုင်ငံက ပြန်လာပြီးနောက် တနိုင်ငံလုံး အတိုင်းအတာ နဲ့ စီးပွားရေးသက်သာချောင်ချိဖို့၊ ဝင်ငွေအခွင့်အလမ်း တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ် တစ်သျှူးငှက်ပျောစိုက်ဖို့ စီမံကိန်းကို ညွှန်ကြားခဲ့ပါတယ်။
ဒါကြောင့် ကရင်ပြည်နယ်တွင်းက အခြေခံပညာအထက်တန်းကျောင်းတွေရဲ့ မြေလွတ်မြေလပ်တွေ ပေါ်မှာ တစ်သျှူးငှက်ပျောနဲ့ နွားမွေးမြူရေးလုပ်ဆောင်ဖို့ ပညာရေးဝန်ကြီးဌာနက ထပ်ဆင့် ညွှန်ကြားခဲ့ပါတယ်။
မြို့မိမြို့ဖတယောက်က “တစ်သျှူးငှက်ပျော စိုက်ခိုင်းတယ်။ လိုအပ်ရင် နွားပါ မွေးခိုင်းဦးမယ်။ ဆရာမတွေ မေးကြည့်တော့ ဟုတ်တယ်တဲ့။ တစ်သျှူးငှက်ပျော စိုက်ခိုင်းတယ်၊ နွားပါမွေးဖို့ ဘယ်လို လုပ်မလဲတဲ့။ လောလောဆယ်တော့ ဒီလိုပဲ မီးစင်ကကျပေါ့လို့။ ဘယ်လိုလုပ်မလဲ။ အထက်အမိန့်ပေါ့။ ပြည်ထောင်စုအစိုးရကပေါ့။ လက်ရှိ စာသင်ချိန်နဲ့ စာသင်ကုန်အောင် ရုန်းကန် နေရတဲ့အချိန်မှာ တစ်သျှူးငှက်ပျောကြီးက ဘယ်လိုသွားလုပ်မလဲ။ တကျောင်းမှ စိုက်တာကို မတွေ့သေးဘူး။ တော်တော်ဆိုးတယ်နော်။ ဘာတွေမှန်းမသိဘူး” လို့ ပြောပါတယ်။
အဲဒီညွှန်ကြားချက်ကြောင့် ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေဟာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း စာသင်ကြားရေး အခန်းဆုံးတိုင် မသင်ကြားနိုင်မှာကို စိုးရိမ်နေကြပါတယ်။
ကျောင်းသားတွေမှာ စာကျက်ချိန် မလုံလောက်ရတဲ့အထဲ ငှက်ပျောပင်တွေ စိုက်ခိုင်းတာဟာ ကျောင်းသားတွေရဲ့ ပညာရေးအတွက် အဆင်မပြေဘူးလို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “ကျောင်းသားတွေအတွက် ဖိအားတွေပဲ ဖြစ်နေတာပေါ့။ ကျောင်းသားတွေမှာ စာကျက်ရတဲ့နေရာမှာ အချိန်မလုံလောက်ရတဲ့အထဲ ငှက်ပျောပင်တွေ စိုက်ခိုင်းတယ်ဆိုတော့ ကျောင်းသားတွေရဲ့ ပညာရေးအတွက်လည်း အဆင်မပြေဘူး။ ဆရာမတွေက သူတို့ချည်းပဲ လုပ်မှာ မဟုတ်ဘူး။ ကျောင်းသားတွေလည်း ခိုင်းမှာပေါ့။ ကျောင်းသားတွေခိုင်းတော့ စာကျက်ချိန်တွေ နှောင့်နှေးတာပေါ့။ အခုလိုမျိုး စိုက်ပျိုးရေးတွေ မွေးမြူရေးတွေ မလုပ်ခိုင်းတာတောင်မှ ကျောင်းသားတွေ တချို့အတန်းတွေဆိုရင်လည်း စာတွေထပ်ပြီး တိုးပြီးတော့ ပြုပြင်ပြောင်းလဲတာ တွေ စာတွေက ခက်လာတဲ့အတွက် တချို့ကျောင်းသားတွေဆိုရင် ကျောင်းတောင် ဆက်မတက် တော့ဘဲ ပြင်ပမှာ ကျောင်းထွက်တဲ့ ကျောင်းသားတွေက အများကြီး ဖြစ်လာတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်သမ္မတရဲ့ ညွှန်ကြားချက်ထဲမှာ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကို မြေလွတ်မြေရိုင်းတွေမှာ တစ်သျှူးငှက်ပျောစိုက်ပြီး နို့စားနွား မွေးမြူရမှာ ဖြစ်ပါတယ်။
အဲဒီကနေ ထွက်လာတဲ့ ငှက်ပျောသီးနဲ့ နွားနို့ကို မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေကို တိုက်ကျွေးနိုင်ဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။
ကျောင်းသားမိဘတယောက်က “ကျောင်းသားမိဘတယောက်အနေနဲ့ ပြောချင်တာက ယနေ့ ပညာရေးကျောင်းတွေမှာလည်းပဲ ကလေးတွေက အလွတ်ကျက် အလွတ်မှတ် ပုံစံတွေနဲ့ သွားနေရတာ။ ဒီပညာကိုပဲ အပတ်တကုတ် ကြိုးစားသင်ယူနေရတဲ့ အချိန်မှာ ခက်ခက်ခဲခဲ သင်ယူ နေရတဲ့အချိန်မှာ အနောက်ကနေပြီးတော့ ဒီလိုမျိုး စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေကို ညွှန်ကြားပြီး လုပ်ခိုင်းနေတယ် ဆိုရင်တော့ သေချာတယ်၊ ဒီကလေးတွေရဲ့ ပညာရေးကတော့ ရှေ့ဆက်ပြီးတော့ တိုးတက်ဖို့ဆိုတာ မရှိဘူး။ ဆုတ်ယုတ်ဖို့ပဲ ရှိမယ်။ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေလည်းပဲ စာပေသင်ကြားတဲ့နေရာမှာ ကလေးတွေကို ထိန်းသိမ်းတဲ့ နေရာမှာ သွန်သင်ဆုံးမတဲ့နေရာမှာ လစ်ဟာမှုတွေ ရှိလာနိုင်တယ်။ အဲဒီအတွက်ကြောင့် ဒီလိုမျိုး ပညာရေးဌာနတွေကို လုပ်ဆောင်စေခြင်းအားဖြင့် ဒါက တလွဲနည်း စနစ်အလွဲတွေ အမြင်လွဲတွေ အမြင်မှားတွေ အယူဝါဒအလွဲတွေနဲ့ လုပ်နေတယ်။ အကောင်အထည် ဖော်နေတယ်လို့ပဲ ကျနော်တို့က ပြောချင်တယ်” လို့ ပြောပါတယ်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပုဂ္ဂလိကကျောင်း အပါအဝင် ကျောင်းပေါင်း ၁,၃၀၀ ကျော်ရှိပြီး ကျောင်းသား ကျောင်းသူ ၂၂၄,၀၀၀ ကျော် ပညာသင်ကြားနေတယ်လို့ သိရပါတယ်။










