DVB Logo
Home
မြန်မာသတင်း
ကာလုံအစည်းအဝေးခေါ်ယူပြီးနောက် စစ်ကောင်စီက ရာထူးနေရာများ အပြောင်းအလဲပြုလုပ်နိုင်
DVB
·
January 21, 2023
ကာလုံအစည်းအဝေးခေါ်ယူပြီးနောက်  စစ်ကောင်စီက ရာထူးနေရာများ အပြောင်းအလဲပြုလုပ်နိုင်
Donate to DVB

စစ်ကောင်စီဟာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပဖို့ရှိနေပြီး အစည်းအဝေးပြီးရင် စစ်ကောင်စီအဖွဲ့ကို အမည်ပြောင်းတာနဲ့ အစိုးရအဖွဲ့အတွင်း လူအပြောင်းအလဲတွေရှိလာနိုင်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုက်အဝန်းမှာ သတင်းတွေ ထွက်နေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတယ်လို့  အကြောင်းပြပြီး စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းထားခဲ့တာ အခုလာမယ့်  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင်  ၂ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။   အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးထားတာလည်း  ၆ လ နှစ်ကြိမ်ရှိပြီဖြစ်လို့  ၂၀၀၈ ဖွဲ့စည်းပုံအရ ထပ်တိုးခွင့် မရှိတော့ပါဘူး။

စစ်ကောင်စီနဲ့ နီးစပ်သူတဦးက “ဒီအစည်းအဝေးပြီးရင် တချို့ဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ ဘယ်သူတွေကိုဖြုတ်ပြီး ဘယ်သူတွေနဲ့ ပြန်အစားထိုးမယ်တော့ မသိသေးဘူး။ အဲလိုသတင်းတွေ ကြားနေတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် အန်အယ်လ်ဒီအစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ  ဒုသမ္မတဖြစ်သူက အာဏာလွှဲပေးနိုင်တယ်လို့ ပြဋ္ဌာန်းမထားပေမဲ့ စစ်ကောင်စီကတော့ ဒုသမ္မတ ဦးမြင့်ဆွေက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို အာဏာလွှဲပြောင်းပေးခဲ့တာလို့ ကြေညာပြီး နိုင်ငံအာဏာကို တရားမဝင် ရယူခဲ့တာပါ။

စစ်ကောင်စီနဲ့ နီးစပ်သူတဦးက “အခုလာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆို အာဏာသိမ်းတာ ၂ နှစ်ပြည့်ပြီ။ အဲ့နေ့မှာ ကာလုံ (အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ) အစည်အဝေးလုပ်မယ်။ အဲဒီမှာ စစ်ကောင်စီ သက်တမ်းတိုးမတိုး ဆုံးဖြတ်မယ်ထင်တယ်” လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ်ကာလကို စတင်ကြေညာတဲ့နေ့ကနေ တနှစ် သတ်မှတ်ထားတာပါ။

တနှစ်ပြည့်ပြည့်လို့ သက်တမ်းထပ်တိုးချင်တဲ့အခါ  တကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပြီး ဒီနောက်မှာ ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပါတယ်။

စစ်ကောင်စီကတော့  ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို ထုတ်ပြန်ကြေညာတာမရှိသေးပေမဲ့ ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်းကောက်ယူတာတွေကို နိုင်ငံတဝန်း ကွင်းဆင်းဆောင်ရွက် နေပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတဲ့ အင်အားစုတွေကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့လည်း တိုက်တွန်း နှိုးဆော် နေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013