DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် အသတ်ခံထားရသည့် အမျိုးသား ၈ ဦးအလောင်းတွေ့၊ မြိတ်မြို့ ၌ စစ်ရှောင်များ ဖမ်းဆီးခံရ
DVB
·
January 19, 2023
ဘုတ်ပြင်းတွင် အသတ်ခံထားရသည့် အမျိုးသား ၈ ဦးအလောင်းတွေ့၊ မြိတ်မြို့ ၌ စစ်ရှောင်များ ဖမ်းဆီးခံရ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ ရွာဟေ့လူကျေးရွာအနီး ရွာဟေ့လူ-နမ်မတွန်အကြားလမ်းမှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်း ၈ လောင်းကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါအမျိုးသား ၈ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက အစည်းအဝေးတခုရှိတယ်လို့ လာခေါ်သွားပြီးနောက် အခုလို အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “ဘယ်အဖွဲ့အစည်းက သတ်တယ်ဆိုတာ အတိအကျ မသိသေးပါဘူး။ လူကုန်ကူးမှုကိစ္စနဲ့ အခုလို အခင်းဖြစ်ပွားရတာလို့ ယူဆရတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအမျိုးသား ၈ ဦးအနက် ဦးအောင်ဖေ၊ ဦးဟန်ထူး၊ ဦးဇော်ဝမ်း၊ ဦးဉာဏ်ဝင်း၊ ကိုနိုင် သားဖနှစ်ယောက်တို့ ၆ ဦးမှာ ရွာဟေ့လူရွာကဖြစ်ပြီး ကျန်အမည်မသိ ၂ ဦးမှာ အေးချမ်းသာရွာမှ ဖြစ်တယ်လို့ သိရပါတယ်။

“အသတ်ခံရတဲ့သူတွေက ဒလန်တွေလည်း မဟုတ်ပါဘူး။ ပြဿနာလည်း ဘာမှမရှိခဲ့ဖူးဘူး။ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အတိမ်းအစောင်း နည်းနည်းရှိခဲ့ဖူးတယ်” လို့ သေဆုံးသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦး တယ်လီဂရမ်မှာတော့ အဆိုပါရွာသား ၈ ဦးကို ကော်သူလေးတပ်မတော် (KTLA) အဖွဲ့က ဒလန်ဆိုပြီး ဖမ်းဆီးသတ်ပစ်လိုက်တာလို့ ရေးထားပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့ အေးရိပ်ချောင်းနဲ့ ပုပ္ပားရုံ ဘုန်းကြီးကျောင်းမှာ ပုလောနဲ့ ရှပ်ပုံဘက်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၈ ရက် ညမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့ခံတဦးက “ဘုန်းကြီးကျောင်းထဲမှာ ရှိနေတဲ့ စစ်ရှောင်တွေကို ဝင်ဖမ်းသွားကြတယ်။ ဧည့်စာရင်းမပါတဲ့သူတွေပါ။ ဘယ်နှယောက်ဖမ်းသွားတယ်ဆိုတာ အတိအကျတော့ မသိဘူး။ ကားထဲမှာ ပါသွားကြတယ်” လို့ ပြောပါတယ်။

အဲဒီလို ဝင်ရောက်ဖမ်းဆီးရာမှာ စစ်ကောင်စီတပ်သားတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေပါဝင်ပြီး စစ်ရှောင်ဘယ်နှဦး ဖမ်းဆီးသွားလဲဆိုတာ ဒီဗွီဘီက အတိအကျ အတည်မပြုနိုင်သေးပါဘူး။

မြို့ခံအမျိုးသားတဦးက “ညတုန်းက အေးရိပ်ချောင်းလမ်းကနေ မြို့သစ်ဘက်ထိ လူအပြည့် စစ်ကား ၃ စီး ဆင်းသွားတာ တွေ့ရတယ်။ အုပ်ချုပ်ရေးမှူးတွေရော အစုံပါပါတယ်။ မနက်ကျတော့ စစ်ရှောင်တွေ ဖမ်းသွားတယ်လို့တော့ ကြားတယ်။ အခုတော့ အဲ့ဘုန်းကြီးကျောင်းဝန်းကျင်နားမှာ စစ်ကားတွေရှိတုန်းပဲ” လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မြိတ်မြို့မှာ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့လူတွေ ဖမ်းဆီးရာမှာ ဒဏ်ငွေအလွန်အကျွံ ပေးဆောင်နေရကာ ဆိုင်ကယ်လိုင်စင်တွေ သိမ်းဆည်းတာတွေပါ လုပ်နေတဲ့အပြင် အရပ်ဝတ်လက်နက်ကိုင်တွေက မြို့ခံပြည်သူတွေအပေါ် ဆိုင်ကယ်ဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013