DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စတော့ဈေးကွက် အရောင်းအဝယ်ရှိသော်လည်း ယခင်အခြေအနေပြန်မရောက်သေး
DVB
·
January 18, 2023
ရန်ကုန်စတော့ဈေးကွက် အရောင်းအဝယ်ရှိသော်လည်း ယခင်အခြေအနေပြန်မရောက်သေး
Donate to DVB

ရန်ကုန်စတော့ဈေးကွက်မှာ ရှယ်ယာအရောင်းအဝယ်အခြေအနေဟာ နေ့စဉ် အရောင်းအဝယ်တွေရှိပြီး ၂၀၂၁ ကာလနဲ့ယှဉ်ရင် ၂၅ ရာခိုင်နှုန်း တိုးတက်မှု ရှိလာပေမဲ့ စစ်တပ်အာဏာမသိမ်းခင်ကရှိခဲ့တဲ့ အရင်အခြေအနေကိုတော့ မရောက်သေးဘူးလို့ စတော့ဈေးကွက်စောင့်ကြည့်သူသုတေသီတွေက ပြောပါ တယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ မတိုင်ခင်က ရန်ကုန်စတော့ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ရှယ်ယာတန်ဖိုးဟာ နေ့စဉ် ကျပ် သန်း ၁၀၀ ကျော် ရှိခဲ့တာပါ။ ဒါပေမဲ့ စစ်တပ်မှ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲကြောင့် ရန်ကုန်စတော့ဈေးကွက်ဟာ အေးသွားခဲ့ပြီး အရောင်းအဝယ်ဖြစ်တဲ့ ရှယ်ယာတန်ဖိုးက ကျဆင်းလာပါတယ်။

စတော့ဈေးကွက်စောင့်ကြည့်သူ သုတေသီတဦးက “ရန်ကုန်စတော့က ၂၀၂၂ ခုနှစ်မှာ recovery ပြန်တက်လာလို့ အရောင်းအဝယ်တွေ ပြန်ကောင်းလာတယ်။ လူတွေ စိတ်ဝင်စားမှု ပြန်ရှိလာတဲ့ သဘောပေါ့။ ဒါပေမဲ့ ယခင်က ရှိခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀ အခြေအနေနဲ့ယှဉ်ရင်တော့ မမီသေးဘူး။ အဲ့ကာလတုန်းက အရောင်းအဝယ်ဖြစ်တဲ့ ပမာဏက တရက်ကို သန်း ၁၀၀ ကျော်ရှိခဲ့တာလေ။ အဲ့တော့ ၂၀၂၂ ကိုပြန်ကြည့်တဲ့အခါ ရှယ်ယာအရောင်းအဝယ်က ပျမ်းမျှပေါ့ တရက်ကို သန်း ၂၀ ကနေ သန်း ၅၀ အထိ ရှိလာတယ် ဆိုပေမဲ့ ယခင် အခြေအနေကို မရောက်သေးဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ အခြေအနေနဲ့ယှဉ်ရင် ၂၀၂၂ မှာ ၂၅ ရာခိုင်နှုန်းလောက် တိုးတက်မှု ပြန်ရှိလာတာတွေ့ရတယ်။ အခု ၂၀၂၃ ကတော့ နှစ်စပဲ ရှိသေးလို့ ကျနော်တို့ ပြောလို့မရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စတော့အရောင်းအဝယ်လုပ်နေတဲ့ ရှယ်ယာရှင်တဦးကလည်း လက်ရှိဈေးကွက်မှာ ဦးဆောင်နေတဲ့ ရှယ်ယာတွေရဲ့ အခြေအနေကို အခုလို မှတ်ချက်ပေးပါတယ်။

“ဈေးကွက်ထဲမှာ ထိပ်တန်းပြေးနေတဲ့ ရှယ်ယာတွေက မြန်မာသီလဝါ၊ FMI ၊ ပထမပုဂ္ဂလိဘဏ် ဒီသုံးခုကတော့ စတော့ဈေးကွက်မှာ အရောင်းအဝယ်ကောင်းတဲ့ ထိပ်တန်းစာရင်းတွေပေါ့နော်။ ထိပ်တန်းစာရင်းထဲမှာ ပါနေပေမဲ့ သူတို့ရဲ့ ရှယ်ယာတန်ဖိုး ဈေးနှုန်း အတက်အကျက ပုံမှန်ပဲ ရှိပါတယ်။ အရမ်းကြီး ဆောင့်တက်သွားတာမျိုး မရှိပါဘူး။ အရောင်းအဝယ်ဆိုရင်လည်း ဒီရှယ်ယာတွေက နေ့စဉ် ပုံမှန် အရောင်းအဝယ် ရှိပါတယ်။ ထူးခြားချက် တခုအနေနဲ့ ပထမပုဂ္ဂလိကဘဏ်က ဘာလုပ်လိုက်လဲဆိုရင် သူ့ရဲ့ရှယ်ယာတန်ဖိုးကို ထပ်ဆင့် ခွဲခြမ်းလိုက်တာ ရှိတယ်။ သဘောက တသောင်းတန်တဲ့ ရှယ်ယာကို ဆယ်စိတ် စိတ်ပြီး ခွဲခြမ်းလိုက်တဲ့အတွက် ရှယ်ယာတန်ဖိုးက တထောင် ဖြစ်သွားတယ်။ ဘာလို့ အဲ့လိုလုပ်လဲ ဆိုရင် ငွေပမာဏ နည်းနည်းပဲ ရှိတဲ့သူတွေလဲ ဝယ်နိုင်အောင် လုပ်လိုက်တဲ့ သဘောပါ။ ဒီတော့ ငွေကြေး အရင်းအနှီး နည်းနည်းပဲ ရှိတဲ့သူတွေ ရင်းနှီးမြှုပ်နှံလို့ ရသွားတယ်။ အဲ့တော့ သူ့ရှယ်ယာ အရောင်းအဝယ်က ပိုပြီးတော့ သွက်လက်လာတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်တဲ့အချက်အလက်တွေအရ ဇန်နဝါရီ ၁၈ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ရှယ်ယာအရေအတွက်ကတော့ ၄၃၈ ခုရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁ ဒသမ ၄၅ သန်း ရှိပါတယ်။

ကုမ္ပဏီတခုချင်းစီရဲ့ ရှယ်ယာတန်ဖိုးမှာ ရှယ်ယာ တခုကို FMI ကုမ္ပဏီက ၈၆၀၀ ကျပ်၊ MTSH ကုမ္ပဏီက ၃၃၀၀ ကျပ်၊ MCB ကုမ္ပဏီက ၇၅၀၀ ကျပ်၊ FPB ကုမ္ပဏီက ၁၉၀၀ ကျပ်၊ TMH ကုမ္ပဏီက ၂၆၀၀ ကျပ်၊ EFR ကုမ္ပဏီက ၂၆၀၀ ကျပ် နဲ့ AMATA ကုမ္ပဏီက ၄၉၀၀ ကျပ် အသီးသီးရှိတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013