DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စတော့ရှယ်ယာစျေးကွက် အနည်းငယ် ပြန်လှုပ်လာ
DVB
·
May 20, 2022
ရန်ကုန်စတော့ရှယ်ယာစျေးကွက် အနည်းငယ် ပြန်လှုပ်လာ
Donate to DVB

ရန်ကုန်စတော့စျေးကွက်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ရှယ်ယာတန်ဖိုးက ပျမ်းမျှ နေ့စဉ် ကျပ် သန်း ၂၀ နဲ့ ၃၀ အကြား အရောင်းအဝယ် ရှိတာကြောင့် စျေးကွက်အနည်းငယ် ပြန်လှုပ်လာတယ်လို့ စတော့စျေးကွက်သုတေသီတွေက ပြောပါတယ်။

စစ်တပ်မှ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ မတိုင်ခင်က ရန်ကုန်စတော့စျေးကွက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ရှယ်ယာတန်ဖိုးတွေက နေ့စဉ် ကျပ် သန်း ၁၀၀ ကျော်အထိ ရှိခဲ့တာပါ။ ဒါပေမဲ့ စစ်တပ်မှ အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်စတော့စျေးကွက်ဟာ အေးသွားခဲ့ပြီး အရောင်းအဝယ်ဖြစ်တဲ့ ရှယ်ယာတန်ဖိုးကလည်း တစတစနဲ့ ကျဆင်းလာပါတယ်။

လက်ရှိစတော့စျေးကွက် အခြေအနေနဲ့ပတ်သက်ပြီး စျေးကွက်သုတေသီတဦးက “အရောင်းအဝယ်ကတော့ ၂၀၂၂ ခုနှစ်မှာ ပြန်ပြီးတော့ တက်လာတဲ့ အခြေအနေ ရှိပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင် အရောင်းအဝယ်ပမာဏက နည်းနည်း တိုးလာတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ ခုနှစ်တွေနဲ့ယှဉ်ရင်တော့ အဲ့လောက် ပမာဏအထိ မရှိသေးဘူး။ အဲ့အချိန်တုန်းက daily rate က တရက်ကို သန်း ၁၀၀ ကျော် ရှိတယ်နော်။ အခုကတော့ ပျမ်းမျှပေါ့၊ တရက်ကို သန်း ၂၀ နဲ့ ၃၀ ကြားမှာ ရှိပါ တယ်။ အရင်ကာလ အခြေအနေမျိုးတော့ ပြန်မရောက်သေးဘူး။ ၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင်တော့ ၂၀၂၂ ခုနှစ် ၄ လပိုင်းအထိ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏက နည်းနည်းလေးတော့ ပြန်တက်လာပါတယ်။ စတော့စျေးကွက်အပေါ် စိတ်ဝင်စားမှု နည်းနည်း ပြန်ရှိလာတဲ့ သဘောပေါ့။ အရင်ပုံစံမျိုး ပြန်ရောက်ဖို့ကတော့ တော်တော်လေးကြိုးစားရဦးမယ်။ အဲဒီလိုပြန်ရောက်ဖို့ကလည်း အခြေအနေ အရပ်ရပ်အပေါ်မှာ အများကြီး မူတည်တာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်စတော့စျေးကွက်မှ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ လက်ရှိဘဏ္ဍာနှစ်ဖြစ်တဲ့ (၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၏ ဒုတိယ သုံးလပတ်၊ ဇန်နဝါရီ မှ မတ်လ အထိ) နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ရှယ်ယာစောင်ရေက ၃၁၀၀ ကျော် ရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၅ သန်းကျော် ရှိပါတယ်။

အဆိုပါကာလအတွင်းမှာ ကုမ္ပဏီ တခုချင်းစီ၏ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ရှယ်ယာအရေအတွက် နဲ့ တန်ဖိုးမှာ MYANPIX ကုမ္ပဏီက ရှယ်ယာစောင်ရေပေါင်း ၁၉၄၁၃၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ၉၃၁ သန်း ရှိတာကြောင့် ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။

သူ့အနောက်မှာ FMI  ကုမ္ပဏီက ရှယ်ယာစောင်ရေပေါင်း ၄၄၈၀၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၃၆၅ သန်းဖြင့် ဒုတိယအဆင့်မှာ ရပ်တည်နေပါတယ်။

MTSH ကုမ္ပဏီက ရှယ်ယာစောင်ရေပေါင်း ၁၂၂၉၀၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၃၆၄ သန်းဖြင့် တတိယအဆင့်မှာ ရှိပါတယ်။

FPB ကုမ္ပဏီက ရှယ်ယာစောင်ရေပေါင်း ၇၂၆၃ ရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၃၇ သန်း၊ TMH ကုမ္ပဏီက ရှယ်ယာစောင်ရေပေါင်း ၁၀၂၀၁ ရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၂၇ သန်း၊ EFR ကုမ္ပဏီက ရှယ်ယာစောင်ရေပေါင်း ၅၄၁၃ ရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၅ သန်း၊ MCB ကုမ္ပဏီက ရှယ်ယာစောင်ရေပေါင်း ၁၇၃၂ ရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၄ သန်း၊ AMATA ကုမ္ပဏီက ရှယ်ယာစောင်ရေပေါင်း ၁၈၂၄ ရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၈ ဒသမ ၇ သန်းဖြင့် အောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။

ဒီကနေ့(မေလ ၂၀ ရက်၊ နေ့လည် ၁နာရီထိ) ရန်ကုန်စတော့စျေးကွက်မှာ အရောင်းအဝယ်ဖြစ်ထားတဲ့ ရှယ်ယာ အရေ အတွက်က ၂၄၄၇ ခုရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၈ သန်း ရှိပါတယ်။

ကုမ္ပဏီ တခုချင်းစီ၏ရှယ်ယာတန်ဖိုးမှာ ရှယ်ယာ တခုကို FMI ကုမ္ပဏီက ၇၆၀၀ ကျပ်၊ MTSH ကုမ္ပဏီက ၂၆၅၀ ကျပ်၊ MCB ကုမ္ပဏီက ၇၈၀၀ ကျပ်၊ FPB ကုမ္ပဏီက ၁၈၀၀၀ ကျပ်၊ TMH ကုမ္ပဏီက ကျပ် ၂၅၅၀၊ EFR ကုမ္ပဏီက ကျပ် ၂၆၀၀ နဲ့  AMATA ကုမ္ပဏီက ကျပ် ၅၀၀၀ အသီးသီးရှိတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013