DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ နခွန်းဆဝမ်တွင် မြန်မာလုပ်သား ၁၈၀ ကျော် ဆန္ဒပြ
DVB
·
January 18, 2023
ထိုင်းနိုင်ငံ နခွန်းဆဝမ်တွင် မြန်မာလုပ်သား ၁၈၀ ကျော် ဆန္ဒပြ
1 / 3
Donate to DVB

ထိုင်းမြောက်ပိုင်း၊ နခွန်းဆဝမ်မြို့ရှိ စက်ရုံတရုံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်သမားအခွင့်အရေး တောင်းဆိုတဲ့ မြန်မာလုပ်သား ၄ ဦးကို စက်ရုံတာဝန်ရှိသူက အလုပ်ထုတ်ပစ်လိုက်တာကြောင့် ကျန်လုပ်သား ၁၈၀ ကျော်က ဇန်နဝါရီ ၁၇ ရက်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါအလုပ်သမားတွေဟာ မွန်းဘီအလုပ်သမားရှာဖွေရေး အေဂျင်စီကနေ MOU စနစ်နဲ့ ပြီးခဲ့တဲ့လပိုင်းက ဝင်ရောက်လာသူတွေဖြစ်ပြီး စက်ရုံက အလုပ်သမားတွေရဲ့ ပတ်စ်ပို့၊ အလုပ်သမားကတ်တွေ သိမ်းထားတာကြောင့် အထောက်အထားတွေ ပြန်ပေးဖို့ အလုပ်သမား ကိုယ်စားလှယ် ၄ ဦးက သွားတောင်းဆိုရာမှာ ပြန်မပေးတဲ့အပြင် သူတို့ကို ချက်ချင်း အလုပ်ဖြုတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ပြဿနာပြေလည်အောင် ကူညီညှိနှိုင်းပေးနေတဲ့ AAC အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက “စက်ရုံက သူတို့အထောက်အထားတွေ အကုန်သိမ်းထားတဲ့အတွက် အပြင်သွားတဲ့အခါ ရဲတွေနဲ့တွေ့ရင် ဒုက္ခရောက်တယ်၊ အဖမ်းခံရပြီး ငွေနဲ့ပြန်ရွေးရတာတွေ ရှိတယ်။ အဲဒါကြောင့် အလုပ်သမား ၄ ယောက်က အားလုံးကိုယ်စား သွားပြောပေးတာ၊ အလုပ်ပါဖြုတ်ပစ်ရော။ ဒါကြောင့် မနေ့က သူတို့ ၁၈၀ ကျော် အလုပ်မဆင်းဘဲ အလုပ်ဖြုတ်ခံရသူတွေ အလုပ်ပြန်ခန့်ဖို့နဲ့ အထောက်အထားတွေ ပြန်ပေးဖို့ တောင်းဆိုကြတယ်”လို့ ပြောပါတယ်။

အဆိုပါပြဿနာ ပြေလည်ရေးအတွက် AAC နဲ့ NUG အစိုးရလက်အောက်ခံ  ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးဝေလင်းမောင်တို့ ပူးပေါင်းပြီး အလုပ်ရှင်၊ အလုပ်သမား ကာကွယ်ရေးရုံးနဲ့ ညှိနှိုင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ညှိနှိုင်းချက်အရ အလုပ်သမားတွေရဲ့ ပတ်စ်ပို့၊ အလုပ်သမားကတ် စတဲ့ အထောက်အထားတွေ ပြန်ရပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အလုပ်ဖြုတ်ခံရတဲ့ ၄ ယောက်ကိစ္စ မပြေလည်သေးလို့ ဆက်လက်ညှိနှိုင်းပေးနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013