DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်နေ့ပွဲကို ပစ်ခတ်တိုက်ခိုက်ရန် ညွှန်ကြားထားခြင်းမရှိဟု ကေအန်ပီပီ တုံ့ပြန်
DVB
·
January 16, 2023
ကယားပြည်နယ်နေ့ပွဲကို ပစ်ခတ်တိုက်ခိုက်ရန် ညွှန်ကြားထားခြင်းမရှိဟု ကေအန်ပီပီ တုံ့ပြန်
Donate to DVB

ကယားပြည်နယ်နေ့ပွဲကို ပစ်ခတ်တိုက်ခိုက်ဖို့ ညွှန်ကြားထားတာမရှိသလို ပြည်သူလူထုကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်ခဲ့တာလည်း တကြိမ်တခါမှ မရှိခဲ့ဘူးလို့  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က တုံ့ပြန်ပြောကြားလိုက်ပါတယ်။ 

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့မှာ ဇန်နဝါရီ ၁၅ ရက် မနေ့မနက်က  (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီက စီစဉ်ကျင်းပနေချိန်မှာ ပစ်ခတ်ခံခဲ့ရလို့ လူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာပါ။

လွိုင်ကော် ဒေသခံတဦးက  “၆၀ မမ နဲ့ ငါးလုံးကျတာ။ ငါတောင် ကံကောင်းလို့။ ကလေး ၇ ယောက် ထိတယ်။ ရဲမေ ၂ ယောက်၊ ပြည်သူကတော့ သူ့အိမ်မှာ ထမင်းစားချိန် ပွဲချင်းပြီး သွားတယ်”လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)  အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပီဒီအက်)တွေက ပစ်ခတ်တာလို့ စစ်ကောင်စီက သက်သေမရှိဘဲ စွပ်စွဲထုတ်ပြန်ထားပြီး လွိုင်ကော်မြို့ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ လောက် အကွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီလိုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်က “ကျနော်တို့က အဖွဲ့အစည်းနဲ့နေတဲ့အတွက် အဖွဲ့ညွှန်ကြားချက်၊ တပ်မှူးတွေရဲ့ ညွှန်ကြားချက် တစုံတရာမရှိဘဲနဲ့ အရမ်းမလုပ်ဘူး။ သို့သော် ကျနော်တို့က အဖွဲ့အစည်းတွေအများကြီးရှိတယ်။ KNDF ရှိတယ်။ PDF ရှိတယ်။ PDF တောင်မှ တမျိုးနှစ်မျိုးရှိတယ်။ ပြီးတော့  ဒရုန်း အဖွဲ့တွေလည်းရှိတယ်။ ဆိုတော့ ဘယ်သူလုပ်မှန်းမသိဘူး။ ‌ကေအန်ပီပီကတော့ အထက်ကနေ ညွှန်ကြားချက်ချထားတာ တခုမှမရှိဘူး”လို့ ပြောပါတယ်။

ဒါ့အပြင်သူက ကေအန်ပီပီအနေနဲ့ စစ်ကောင်စီကျင်းပတဲ့ ကယားပြည်နယ်နေ့ကို အသိအမှတ်မပြုခဲ့သလို ဒီလို စစ်ပူချိန် အခမ်းအနားလုပ်ဆောင်တာဟာ စစ်ကောင်စီရဲ့အမှား ဖြစ်ကြောင်းလည်း ကေအန်ပီပီ တာဝန်ရှိသူက ပြောပါတယ်။

“ကယားပြည်နယ်နေ့ဆိုတာ ကျနော်တို့ ကေအန်ပီပီက နဂိုကတည်းက လက်ခံထားတဲ့ နေ့တနေ့ မဟုတ်ဘူး။ ဒီလောက်ဖြစ်နေတဲ့ စစ်ပူကာလ၊ ဒီလောက် တိုက်ပွဲဖြစ်နေတဲ့ကြားထဲကနေ လူထုတွေကို၊ ကျောင်းသူကျောင်းသားတွေကို စုပြီးမှ သူတို့ပွဲဖြစ်မြောက်အောင် ပွဲဖြစ်အောင်တာ၊ စီစဉ်တာက သူတို့ရဲ့အမှားပဲ။ ကျနော်တို့ဘက်ကတော့ လူထုကို ဦးတည်ပြီးမှ တိုက်ခိုက်တဲ့အစီအစဉ်တော့ မရှိဘူး။ အရမ်းပစ်ခတ်တာလည်း တခါမှ မရှိဘူး။ သူတို့ကပဲ ဒီပွဲဖြစ်အောင်လုပ်တယ်။ အတင်းအကျပ် စီစဉ်တယ်ဆိုတဲ့အပေါ်မှာ ဒါကတော့ သူတို့ရဲ့အပြစ်ပဲလို့ ကိုယ်ကတော့ ပြောချင်တယ်။”

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကတော့ လူထုကို အတင်းအဓမ္မစေခိုင်းပြီး အခမ်းအနားကျင်းပတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်လို လူထုကြားထဲ ပစ်ခတ် တိုက်လိုက်တာဟာလည်း စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ကြောင်း ပြစ်တင်ရှုတ်ချထားပါတယ်။

“ကျနော်တို့ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်ရင်တော့ ဖြစ်စဉ်နှစ်ခုကိုကြည့်ပြီးတော့မှ ပြောချင်တာပေါ့နော်။ တစ်အချက်က ဒီပွဲကို ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပသလဲပေါ့။ ဥပမာအားဖြင့်တော့ ကျနော်တို့သိရသလောက်ဆိုရင် စစ်ကောင်စီက အတင်းအဓမ္မ ပွဲကျင်းပဖို့အတွက် ဆိုပြီးတော့မှ တိုက်တွန်းချက်တွေရှိတယ်။ ဖိအားပေးမှုရှိတယ်လို့ သိရတယ်။ အဲဒီဟာကလည်း လူအခွင့်အရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လူတွေက သူ့ရဲ့အခြေခံ လွတ်လပ်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေါ့၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်ပြီးတော့ သွားသင့်မသွားသင့် သူတို့ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ပေါ့။ အဲဒီအပေါ်မှာတော့ စစ်ကောင်စီက ကနဦးချိုးဖောက်တယ်လို့ ပြောလို့ရတယ်။ အတင်းအဓမ္မ စေခိုင်းခြင်းဆိုတဲ့အောက်မှာ အကျုံးဝင်တယ်ပေါ့။ အဲတော့ အခြားတဖက်မှာလည်း ဒုတိယပိုင်းအနေနဲ့ ကျနော်တို့ ပြည်ကြည့်လိုက်လိုက် လူအများရှိတဲ့နေရာ၊ လူအများစုဝေးတဲ့အနေရာ အထူးသဖြင့် အရပ်သားပြည်ပါ ထိခိုက်ဆုံးရှုံးနိုင်တဲ့ အခြေအနေ အောက်မှာ ပစ်မှတ်ကို အသေအချာ မချိန်ယူနိုင်ဘူးဆိုရင်တော့ အဲဒါပစ်ခတ်ခြင်းကို လုပ်လို့မရဘူးပေါ့နော်။ ထိခိုက်ဒဏ်ရာရမှုဆိုတဲ့ဟာလည်း လူ့အခွင့်အရေး ရှုထောင့်အရ ကြည့်မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတရပ် ဖြစ်တယ်။ တခြားတဖက်မှာလည်း စစ်ပွဲအတွင်းမှာ လိုက်နာကျင့်သုံးရမယ့် တချို့မူဘောင်တွေ ရှိတာပေါ့နော်။ ရှင်းလင်းပြတ်သားတဲ့ Target မရှိဘဲနဲ့ အားလုံးကို ခြုံပြီးတော့မှ ထိခိုက်စေနိုင်တဲ့ တိုက်ခိုက်မှုကိုတော့ ခွင့်ပြုထားတာမရှိဘူးပေါ့နော်။ ဒါက ဂျီနီဗာ ကွန်ဗားရှင်းမှာရှိတဲ့ စစ်ရာဇဝတ်မှုတို့ ငြိစွန်းနိုင်တဲ့ အနေအထားတခုတော့ ရှိတယ်။ အဲဒါကြောင့်မို့ ပွဲကျင်းပတဲ့သူဖြစ်စေ၊ ဒီပွဲကို တိုက်ခိုက်တဲ့သူ ဖြစ်စဉ် ဒါက လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် လူ့အခွင့်အရေးချိုးဖောက်မှုတရပ်ကို သူတို့ ကျူးလွန်တယ်။”

ကယားပြည်နယ်နေ့ပွဲမှာ တိုက်ခိုက်မှုရှိနိုင်တယ်လို့  လွိုင်ကော်မြို့ခံတွေ အကြား ဒီမတိုင်ခင်ကတည်းက ကြိုတင်သတင်းထွက်နေတာဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာ ပဲစစ်ကောင်စီက စုံးစမ်းစစ်ဆေးမှုမရှိ သက်သေမရှိဘဲ ချက်ချင်းစွပ်စွဲသတင်းထုတ်ပြန်ခဲ့သလို တပ်ထောက်ခံတဲ့အဖွဲ့အစည်းတွေကလည်း ကေအန်ပီပီကို ရှုတ်ချတဲ့ ကြေညာချက်တွေ ကြိုတင်ရေးသားထားသကဲ့သို့ ချက်ချင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။  

ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲမှာ တိုက်ခိုက်ခံရလို့ မုခ်ဦးဖွင့်ပွဲ ပျက်သွားခဲ့ပေမယ့် လူထုအခမ်းအနားကို ပြီးဆုံးတဲ့အထိ ကောင်းမွန်စွာ ကျင်းပနိုင်ခဲ့တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဌာနဆိုင်ရာ အရာရှိတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013