DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလေကြောင်းဗုံးကြဲမှု လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ဟု မြန်မာသံအမတ်ကြီးတိုင်ကြား
DVB
·
January 14, 2023
စစ်ကောင်စီလေကြောင်းဗုံးကြဲမှု လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ဟု မြန်မာသံအမတ်ကြီးတိုင်ကြား
Donate to DVB

မြန်မာစစ်အာဏာရှင်ဟာ နိုင်ငံတဝန်းမှာ လေကြောင်းကနေ လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေစည်းကမ်းတွေနဲ့ လတ်တလော အတည်ပြုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ကို အပြင်းအထန် ချိုးဖောက်ရာ ရောက်တယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအကြီးအကဲထံ တိုင်ကြားလိုက်ပါတယ်။ 

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ချင်းအမျိုသားတပ်ဦး ( CNF ) ရဲ့ ဌာနချုပ် ဗစ်တိုးရီးယားစခန်းကို   စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တွေနဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၅ ဦးသေဆုံးပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ဒဏ်ရာရခဲ့တာ နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်ထံ  ဇန်နဝါရီ ၁၃ ရက်နေ့စွဲနဲ့ စာရေးသား ပေးပို့တိုင်ကြားလိုက်တာပါ။

ဒီစာနဲ့အတူ CNF ဌာနချုပ် တိုက်ခိုက်ခံရတဲ့ကိစ္စထုတ်ပြန်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြေညာချက်ကိုလည်း ပေးပို့ခဲ့ပြီး ဒီစာကို ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ စီဆာဘာကရိုစီနဲ့ ကုလသမဂ္ဂရဲ့ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေထံကိုလည်းပေးပို့ခဲ့သလို ကုလသသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးရုံးနဲ့ ကုလအထူးသံ နိုလင်းဟေဇာတို့ဆီကိုလည်း ပေးပို့ထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဇန်နဝါရီ ၁၂ ရက်က ကျင်းပတဲ့  ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ်နဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာလည်း သံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောရာမှာ မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊  လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု၊ အကျဉ်းထောင်တွင်း အသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှု၊ နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေမဲ့ကွပ်မျက်မှု၊ လူတသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေမှုစတဲ့  အကြမ်းဖက်မှုတွေ ကျူးလွန်နေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တရားမဝင် အာဏာသိမ်းစစ်တပ်အနေနဲ့ တရားဥပဒေစိုးမိုးမှုကို လုံးဝဥဿုံ ဖျက်ဆီးခဲ့ပြီး ပြည်တွင်းနဲ့ဒေသတွင်းမှာ ကြီးလေးတဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ဖြစ်ပေါ်စေခဲ့ကြောင်း၊  မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေနဲ့ စုစည်း ရရှိထားတဲ့ သက်သေအထောက်အထားတွေအရ စစ်တပ်က အကြမ်းဖက်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကာ ဒီပြစ်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မြောက်အမှုတွေဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် ဖက်စစ်စစ်တပ်အနေနဲ့ ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေပြီး နယ်စပ်ဖြတ်ကျော်မှုခင်းတွေအတွက် လုံခြုံတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးပေးနေတယ်လို့  သံအမတ်ကြီးက ပြောပါတယ်။

လတ်တလောသတင်းအရ စစ်တပ်က သောင်းရင်းမြစ်တလျှောက် ကီလိုမီတာ (၄၀) လောက်မှာ ပြစ်မှုဇုန် ၁၅ ခုကို ဖန်တီးပေးထားကြောင်း၊ ဒီဒေသမှာ နိုင်ငံ ၃၀ ကျော်မှ အပြစ်မဲ့ပြည်သူတွေ လိမ်လည်လှည့်ဖြားခံရလို့ လူကုန်ကူးမှုတွေ အဓိကဖြစ်ပေါ် နေလို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအသိုက်အဝန်းနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ အဆိုပါ လူကုန်ကူးမှုအကျပ်အတည်းကို အလေးအနက်ထားကာ အချိန်မီ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ရေး၊ စစ်တပ်ကအကျိုးခံစားနေရတဲ့ ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့ကျင့်စဉ်ကို ဖြေရှင်းပေးနိုင်ဖို့နဲ့ မြန်မာအရေးဆုံးဖြတ်ချက်ပါ ပြဋ္ဌာန်းချက်တွေ အကောင်အထည်ဖော် ဆောင်‌ရွက်နိုင်ဖို့ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ လုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးကို မြန်မာအသံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ခဲ့တာဖြစ်ပါတယ်။ 

ဒီဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲပေးပြီး တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ကာ  ကန့်ကွက်သူမရှိ  တညီတညွတ်တည်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို လက်မခံကြောင်းကြေညာပြီး မြို့တချို့မှာ တပ်ထောက်ခံသူတွေကိုလည်း ငွေပေးပြီး ကန့်ကွက် ဆန္ဒပြခိုင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013