DVB Logo
Home
Lead Story
၂၀၂၃ ဟာ မင်းအောင်လှိုင်တို့အတွက် ဒုက္ခလည်ပင်းရစ် အကုသိုလ်စုံအကျိုးပေးမယ့်နှစ်
DVB
·
January 14, 2023
၂၀၂၃ ဟာ မင်းအောင်လှိုင်တို့အတွက် ဒုက္ခလည်ပင်းရစ် အကုသိုလ်စုံအကျိုးပေးမယ့်နှစ်
Donate to DVB

တခါတရံမှာ ဒုက္ခဆိုတာ တခုတည်းတင်မကဘဲ အပြုံလိုက် ကျရောက်လေ့ရှိပါတယ်။ အခြေအနေ အကြောင်းတရားတွေ စုဆုံမိပြီဆိုရင် ဒုက္ခဟာ အဖော်အပေါင်းတွေနဲ့ ရောက်လာတတ်တာမျိုးပါ။ အခုလည်း အာဏာရူး ပြည်သတ်သမား မင်းအောင်လှိုင်ရဲ့ အကုသိုလ်ကံ ကဋေကဋာဟာ အကျိုးပေးချိန်ကျလာဖို့ ၂၀၂၃ ခုနှစ်ဟာ သမိုင်းကမ္ပည်းထိုးဖို့ ရောက်ရှိလို့လာနေပါပြီ။

အာဏာလုခဲ့ပေမဲ့ ပြည်သူကမပေးတာမို့ အာဏာမတည်နိုင်ဘဲ တပြည်လုံးမှာ စိုးမိုးနယ်မြေ နည်းသထက်နည်းလာတဲ့ မအလနဲ့ လူမိုက်တွေဟာ ရတဲ့နယ်မြေတချို့မှာ ရွေးကောက်ပွဲ အတုအယောင် ကျင်းပလို့ လှေကြီးထဲ လှေငယ်ဆောက်နေရတဲ့ အခြေကို ဆိုက်ရောက်လာပါပြီ။ လက်ကျန်စစ်ဓားပြဂိုဏ်းသားတွေ အသိဉာဏ်ရှိသေးရင်တော့ လှေကြီးမြုပ်တဲ့အထဲ ပါမသွားချင်ရင် စစ်ဓားပြဂိုဏ်းကို အမြန်ဆုံး စွန့်ခွာကြဖို့ပဲ ရှိပါတယ်။

ကလေးသူငယ်တွေကို သစ်ပင်နဲ့ရိုက်သတ်ခဲ့တဲ့ ကမ္ဘောဒီးယားက ပိုပေါ့တို့ ခမာအရိုင်းအစိုင်းတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အဲ့ဒီတုန်းက ခမာစစ်သားဆို ကလေးငယ်တွေကအစ ခဲလုံးတွေနဲ့ ဝိုင်းပစ်ပေါက်ရလောက်အောင် ပြည်သူရဲ့အမုန်းခံခဲ့ရပြီး နောက်ဆုံးမှာ ကျဆုံးဇာတ်သိမ်းခဲ့ရပါတယ်။ အခု မြန်မာနိုင်ငံက စစ်မိစ္ဆာ ဘီလူးသဘက်တွေဟာ ပိုပေါ့တို့ထက် ပိုယုတ်မာ ကြမ်းကြုတ်ရက်စက်ပြီး ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ စိတ်ရောဂါသည်ကအစ လူမမာအဆုံး တိုင်းပြည်လွတ်လပ်ရေးရခဲ့တဲ့နေ့မှာတောင် ကိုယ့်ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေတဲ့ လက်နက်ကိုင်စစ်ဓားပြတပ်ကို ဦးထုပ်ကနေ ဖိနပ်ထိ ချန်မထားအပ်တော့ပါဘူး။

၂၀၂၃ ခုနှစ်ဟာ အာဏာလုစစ်ဓားပြခေါင်းဆောင် မအလအတွက် ဒုက္ခလည်ပင်းရစ် အကုသိုလ်စုံ အကျိုးပေးမယ့်နှစ်လို့ ပြောနိုင်တဲ့နှစ် ဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ကံဆိုးမိုးမှောင်ကျမယ့်သူတွေဆီမှာ တွေ့ရတတ်တဲ့ အဆီအငေါ်မတည့် ပြောဆိုလုပ်ကိုင်မှုတွေ၊ ဆင်ခြင်တုံတရား ကင်းမဲ့သူတွေသာ ပြုတတ်တဲ့ ကြံစည်ပြောဆို လုပ်ကိုင်မှုတွေ၊ အလုပ်အကိုင် အမှားတွေကို သူရူးတယောက်ပမာ စစ်မိစ္ဆာခေါင်းဆောင်မှာ ခပ်စိတ်စိတ် တွေ့လာရလို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေကို ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းကြဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ တိုင်းပြည်ရဲ့ လက်တွေ့ ပကတိအခြေအနေမှန်ကို မထင်ဟပ်ဘဲ ထင်ရာစိုင်း တဖက်ပိတ် ပြောဆိုမှုသာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုက်အဝန်းက တုံ့ပြန် ပြောကြားရလောက်အောင် ရုပ်ပျက်ဆင်းပျက် ပညာမဲ့လွန်းလှပါတယ်။

တိုင်းပြည်တပြည်မှာ နိုင်ငံရေးမတည်ငြိမ်ဘဲ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်နေခဲ့ရင်၊ တရားဥပဒေစိုးမိုးမှုမရှိရင် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လို့ မရနိုင်ဘူးဆိုတာ အသိဉာဏ်ရှိတဲ့ လူသားတိုင်း စဉ်းစားနိုင်ပါတယ်။ အထက်ကလို အပေါစား ဟာသဆန်ဆန် ယုတ္တိမရှိဘဲ ပေါက်လွှတ်ပဲစား ပြောဆိုတာဟာ သူနဲ့ သူ့လက်ပါးစေ နောက်လိုက်တွေရဲ့ အဆင့်အတန်းနဲ့ လားရာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။

နောက်ထပ် အဆီအငေါ်မတည့်တဲ့ ကြံစည်လုပ်ကိုင်မှုကတော့ လက်နက်ကိုင်တိုက်ပွဲတွေ တဂျိမ်းဂျိမ်းဖြစ်နေတဲ့ ကရင်ပြည်နယ်မှာ အာဏာလု အကြမ်းဖက်စစ်ကောင်စီက သူတို့လက်ထက် လမ်းတံတားတွေ တိုးတက်သလိုလို အယောင်ပြနိုင်ဖို့ မြဝတီ-မဲဆောက် တံတား ၁ ကို ဖွင့်လှစ်ဖို့ ပြင်ဆင်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး၊ ဆိတ်ဖူးတောင်ကြား မိုင်းပေါက်ကွဲပြီး လမ်းအလယ်မှာ အပေါက်ကြီးဖြစ်ကျန်ရစ်ခဲ့တာမို့ သဲထဲတိုက်ရေသွန်သလို အကျိုးမရှိတဲ့ လူမိုက်အလုပ်ကို လုပ်ကြတာပါပဲ။ ငြိမ်းချမ်းရေးမရှိတဲ့ အမည်းရောင်နယ်မြေမှာ နိုင်ငံရေးတည်ငြိမ်မှုရအောင် အားမထုတ်ဘဲ အယောင်ပြ လမ်းတံတားဆောက်တာဟာ တိုင်းပြည်ဘဏ္ဍာကို အလဟဿ ဖြုန်းတီးပစ်တာ ဖြစ်ပါတယ်။

ရွဲ့ပြောတာဖြစ်ဖြစ်၊ အတည်ပြောတာဖြစ်ဖြစ် တပြည်လုံး လျှပ်စစ်မီး မလုံ‌လောက်လို့ အလှည့်ကျစနစ်နဲ့ အမှောင်ထဲ ငုတ်တုပ်ထိုင်နေရချိန်မှာ လျှပ်စစ်ကားထုတ်မယ် ပြောလိုပြော၊ လျှပ်စစ်ရထားဆောက်မယ် ဆိုလိုဆို အဲ့သလို မစင်ပေါက်နဲ့တူတဲ့ စစ်ဓားပြဂိုဏ်းခေါင်းဆောင်ရဲ့ ပါးစပ်က အသိဉာဏ်မဦးစီးဘဲ ထင်ရာစိုင်းတဲ့လုပ်ရပ်တွေ၊ အရေမရ အဖတ်မရ အောက်တန်းကျတဲ့ အပြောအဆိုတွေဟာ တဖြည်းဖြည်း ပိုစိတ်လာတာဟာ သူနဲ့ သူ့ဓားပြဂိုဏ်းအတွက် ကံဆိုးမိုးမှောင်ကျချိန် နီးလာတာ၊ အကုသိုလ်ကံတွေ စုပြုံအကျိုးပေးတော့မှာကို နမိတ်လက္ခဏာများအဖြစ် ပြသလာတာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြည်သူ့အစိုးရရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်ကို စစ်ဓားပြဂိုဏ်းက ပြန်ပေးဆွဲသလို ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ်ချထားရာက နိုင်ငံတကာဖိအားတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ လွှတ်ပေးခဲ့ပေမဲ့ ပါမောက္ခ ရှောင်တာနယ်လ် အင်တာဗျူးပြောတာကို မနှစ်သက်တာမို့ ပြန်လည်ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပြန်တာဟာ ကမ္ဘာ့အလယ်မှာ သိက္ခာမဲ့စွာ သူတို့မျက်နှာ သူတို့ကိုယ်တိုင် အိုးမည်းသုတ်တဲ့ ကဘောက်တိ ကဘောက်ချာ လုပ်ရပ်အမှားတခုပါပဲ။

ယုတ်မာကောက်ကျစ်ပြီး အကုသိုလ်တရားတွေနဲ့ ပြည့်စုံလို့ ဝန်တိုမှုမစ္ဆရိယ အားကြီးလွန်းလှတဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ လက်ပါးစေ စစ်မိစ္ဆာ‌တွေဟာ လူ့အသိုင်းအဝိုင်းက ခွင့်မလွှတ်ထိုက်တော့တဲ့ အမှားများစွာ ထပ်တလဲလဲ ကျူးလွန်ပြီး တိုးလိုက် မိုက်လာခဲ့ကြတာဟာ ၂ နှစ်ပြည့်ပါတော့မယ်။ ဂျီနီဗာကွန်ဖရင့် သဘောတူညီချက်တွေ ဗြောင်ချိုးဖောက်၊ အခြေခံလူ့အခွင့်အရေး‌ကို ဖောက်ဖျက်၊ နိုင်ငံသားအခွင့်အရေးတွေ နင်းချေ၊ လူသားအမျိုးအနွယ်အပေါ် ကျူးလွန် ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုမျိုးစုံနဲ့ အကုသိုလ် ထုနဲ့ထေး ဂျွတ်ထနေအောင် ကျူးလွန်ခဲ့ကြတာတွေအတွက် စတင်ပြီး ပြန်လည်ပေးဆပ်ရမယ့်နှစ်ဟာ ၂၀၂၃ ခုနှစ်ဆိုတာ စစ်အာဏာရှင်စနစ်ဟောင်းကို အကြွင်းမဲ့ဖျက်သိမ်းမယ့် မယိမ်းယိုင်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ သံမဏိစိတ်ဓာတ်နဲ့ အပြင်းပြဆုံးဆန္ဒ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးဖြစ်ထွန်းလာမှုတွေက တညီတညွတ်တည်း ညွှန်ပြနေပြီ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ စစ်မိစ္ဆာအုပ်စုအတွက် အပြုံလိုက် ကျရောက်လာမယ့် ဒုက္ခတွေရဲ့ ရှေ့ပြေးသတင်းကတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ အဆင့်မြင့် ဇိမ်ခံဘန်ကောက်ကွန်ဒိုတလုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ် ပါဝင်တဲ့အကြောင်း ဇန်နဝါရီလ ၁၁ ရက် နေ့က ထုတ်ပြန်ခဲ့တဲ့ Justice For Myanmar ရဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲဒုက္ခတွေကတော့ သမ္မတရူး မင်းအောင်လှိုင်ဟာ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်လို ဒုက္ခမျိုး ကြုံရမလား၊ လစ်ဗျားအာဏာရှင် ကဒါဖီလိုဒုက္ခမျိုးနဲ့ ကြုံရမလား၊ သူတို့ထက် ပိုဆိုးဝါးတဲ့ ဒုက္ခမျိုးနဲ့ ငရဲခံရမလား၊ စစ်ဓားပြဂိုဏ်းနဲ့တကွ ထောက်ခံသူ၊ ကူညီသူ၊ ပူးပေါင်းကျူးလွန်ခဲ့ကြသူတွေဟာ နာဇီအာဏာရှင် ဟစ်တလာ စစ်ရှုံးလို့ ကျဆုံးအပြီး နာဇီစစ်ရာဇဝတ်‌ကောင်တွေ အမဲလိုက်ခံရသလို ခံရမလား၊ ၁၉၇၅ ခုနှစ် ဗီယက်နမ်ပြည်တွင်းစစ်အပြီးမှာ စစ်ရှုံးတဲ့ တောင်ဗီယက်နမ်တပ်မတော်နဲ့ ထောက်ခံသူတွေ ကြုံရတဲ့ ငရဲဒုက္ခမျိုး ခံရမလား ဆိုတာကတော့ မကြာ‌တော့မယ့် ကာလတခုရဲ့ ငွေရောင်ပိတ်ကားပေါ်မှာသာ ရှုကြရမှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013