DVB Logo
Home
Lead Story
သန်းခေါင်ထက် ညဥ့်မနက်တော့ပြီမို့
DVB
·
January 13, 2023
သန်းခေါင်ထက် ညဥ့်မနက်တော့ပြီမို့
Donate to DVB

နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ရောက်ရှိလာခဲ့ပါပြီ။ အာဏာသိမ်းကာလသည်လည်း မကြာခင်ဆို ၂ နှစ်ပြည့်တော့မည်။ အေအေပီပီရဲ့ သတင်းအချက်အလက်အရ ဇန်နဝါရီ ၁၂ ရက်နေ့အထိ စစ်မိစ္ဆာတပ်များကြောင့် သတ်ဖြတ်ခံရသူ ၂,၇၃၀ ဦး၊ ဖမ်းဆီးခံရသူ ၁၃,၄၆၆ ဦး၊ ထောင်ဒဏ် ချမှတ်ခံရသူ ၂,၀၁၈ ဦး သေဒဏ်ချမှတ်ခံထားရသူ ၁၄၀ ကျော်အထိ ရှိလာပြီဟု သိရှိရသည်။ ထိုသတ်ဖြတ်ခံရမှုအတွင်း အပြစ်မဲ့ကလေးသူငယ်ပေါင်း ၂၆၇ ယောက်အထိ ရှိကြောင်းလည်း သိရှိရသည်။ ဒါက အချက်အလက် ကောက်ယူရေးအဖွဲ့များ၏ လက်လှမ်းမီသလောက် ကောက်ယူထားတာပဲ ရှိသေးသည်။ တကယ့်မြေပြင်တွင် ယခုထက်ပိုမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။ မည်သို့ဖြစ်စေ ယခုရရှိထားသော အချက်အလက်များမှာ ကိန်းဂဏန်းသက်သက်မျှသာ မဟုတ်။ နိုင်ငံတော်အာဏာကို အကြမ်းဖက်ရယူထားသော မိုက်ကြေးခွဲနေသော စစ်မိစ္ဆာတပ်၏ ရက်စက်ယုတ်မာမှု၊ လူမဆန်မှုများကို မီးမောင်းထိုးပြ‌နေတာလည်း ဖြစ်သည်။ တနည်းဆိုသော် စစ်မိစ္ဆာတပ် မဖြစ်မနေ တာဝန်ခံရမည့် ရာဇဝတ်မှုတွေပဲ ဖြစ်ပါသည်။

ယင်းကဲ့သို့ ထင်ရာစိုင်း သတ်ဖြတ်၊ ထောင်ချခံရသူများမှာ မည်သည့်ပြစ်မှုမှ ကျူးလွန်နေသူများ မဟုတ်။ နိုင်ငံတော်အစိုးရကို ဖြုတ်ချကာ ပုန်ကန်နေသူများ မဟုတ်။ မိမိတို့ အခွင့်အရေး၊ မိမိတို့ လွတ်လပ်ခွင့်အတွက် တောင်းဆိုခြင်းကြောင့် စစ်မိစ္ဆာတပ်၏ သတ်ဖြတ်၊ ထောင်ချခံနေရသူများ ဖြစ်သည်။ ဒီကြားထဲ စားဖို့ ကစားဖို့ကလွဲ၍ ကျန်တာ ဘာမှမသိသော ကလေးငယ်များကိုပင် စစ်မိစ္ဆာတပ်က အလွတ်မပေး။ သတ်ဖြတ်ပစ်လိုက်ကြသေးသည် မဟုတ်ပါလော။

ထို့အပြင် ယင်းသို့ သတ်ဖြတ်ခံ၊ ထောင်ချခံထဲ မပါဝင်သူများအနေနှင့်လည်း ဘဝက မလုံခြုံ။ ရွာတွေမှာဆိုလျှင် နေ့စဥ်နေ့တိုင်းလိုလို အိုးအိမ်များ မီးရှို့ဖျက်ဆီးခံနေရရှာသည်။ စစ်မိစ္ဆာတပ်များသည် လူခန္ဓာကိုယ်ကို မရှို့ရလျှင် နွားတွေ၊ ကျွဲတွေကို ရှို့သည်။ နေအိမ်တွေကို ရှို့သည်။ စပါးကျီတွေကို ရှို့သည်။ သတင်းအချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသော နေအိမ်အလုံးပေါင်း ၄၀,၀၀၀ ကျော်ရှိသည်။ နည်းနည်းနောနောမဟုတ်။ အိမ်တလုံးဖြစ်ဖို့ဆိုတာ နှစ်ရှည်လများ စုဆောင်း​ကြရသည်။ နယ်တွေ၊ ရွာတွေလို သူဌေးသူကြွယ် မဟုတ်သည့် တောသူတောင်သားများအဖို့ အိမ်တအိမ်ရဖို့ဆိုတာ ပင်ပင်ပန်းပန်းလုပ်မှ ​​ဖြစ်သည်။ ဒီလို ခက်ခဲစွာ ကြိုးစားပမ်းစား တည်ဆောက်ရသော အိမ်တွေကိုမှ နာရီပိုင်းအတွင်း ပြာကျအောင် စစ်မိစ္ဆာတပ်က ကျူးလွန်နေခြင်း ဖြစ်သည်။

ရွာက နေအိမ်တွေကတော့ အဲသလိုနည်းများဖြင့် ပျက်စီးဆုံးရှုံးရခြင်း ဖြစ်သည်။ တဖန် မြို့က ပြည်သူတို့၏ နေအိမ်များမှာလည်း စစ်မိစ္ဆာတပ်ကြောင့် ပျက်စီးဆုံးရှုံးနေရပြန်သည်။ နေစရာအိမ် မီးရှို့ခံရ၍ ကျေးရွာကပြည်သူတွေ အိမ်ဆုံးရှုံးကြရသလို ချိပ်ပိတ်သိမ်းဆည်းခံရ၍ မြို့ပေါ်က ပြည်သူတွေမှာလည်း နေစရာအိမ် ဆုံးရှုံးရပြန်ပါသည်။ မြို့နေပြည်သူများမှာ ယင်းသို့ ချိပ်ပိတ်ခံရမှုများကြောင့် မိမိနေအိမ်ကို အကောင်အထည်အလိုက် မျက်ဝါးထင်ထင် မြင်တွေ့နေရသော်လည်း ဝင်ရောက်နေထိုင်ခွင့် မရှိတော့။ ပြည်သူကို ပုံစံအမျိုးမျိုးနှင့် အကြမ်းဖက် အနိုင်ကျင့်နေသည့် စစ်မိစ္ဆာတပ်က လွန်လွန်ကျူးကျူး။ ဤအိမ်နှင့် မြေနေရာသည် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သောကြောင့်တဲ့။ သူခိုးက လူပြန်ဟစ်သည့် အချိုးတွေ။ ဒီလိုနဲ့ နေအိမ်ချိပ်ပိတ်ခံရသူများသည် အခြားတနေရာ ပင်ပန်းဆင်းရဲကြီးစွာ ရွှေ့ပြောင်းကြရပြန်ပါသည်။ ရွာကလူတွေအဖို့ နေအိမ်များမှာ ပြာပုံသာကျန်တော့သည်မို့ ဝမ်းနည်းငိုကြွေးရသလို မြို့ကလူတွေခမျာ အလုံးအထည်အိမ်ကြီးကို ကြည့်ရင်း ဝမ်းနည်း​ကြေကွဲရပြန်ပါသည်။ အချက်အလက်များအရ အာဏာသိမ်းပြီးနောက် ချိပ်ပိတ်ခံရသည့် နေအိမ်ပေါင်း ၆၀၀ နီးပါးရှိပြီ ဖြစ်သည်။ အကြောက်တရားဝင်သွားအောင်၊ တော်လှန်စိတ်ဓာတ် ငုပ်လျှိုးသွားအောင် ပြည်သူကို ခြိမ်းခြောက်အနိုင်ကျင့်သည့် လုပ်ရပ်လည်း ဖြစ်သည်။ စစ်မိစ္ဆာတပ်၏ ပြည်သူအပေါ် ရန်သူသဖွယ် အာဃာတ အငြိုးအတေးထား​ ပြုလုပ်နေတာပဲ ​ဖြစ်သည်။

စစ်ဘေးဒုက္ခသည်ဆိုသည့် မျက်နှာစာကို ကြည့်မည်ဆိုလျှင် အာဏာသိမ်း ၂ နှစ်နီးပါးအတွင်း နိုင်ငံတဝန်း စစ်ဘေးဒုက္ခသည် နှစ်သန်းနီးပါးအထိ ရှိလာပြီဟု အချက်အလက်များအရ သိရှိရသည်။ ယခင်ကဆိုလျှင် စစ်ရှောင်ဆိုသည်မှာ တိုင်းရင်းသားဒေသများတွင်သာ ရှိခဲ့သည်။ ယခုတော့ စစ်ကိုင်း၊ မကွေးလို ဒေသများမှ အညာသူအညာသားများပင် စစ်ဘေးဒုက္ခသည်များ ဖြစ်လာကြပြီ။ အညာသူ အညာသားများအတွက် ယခင်က အိပ်မက်ပင် မက်ဖူးမည်မဟုတ်။ ယခင်နှစ်ပေါင်းများစွာက တိုင်းရင်းသားဒေသတို့တွင် ကျင့်သုံးခဲ့ဖူးသော မြေလှန်စနစ်ကို ဗမာတိုင်းရင်းသား အများစုရှိရာ ဒေသများတွင် မိုက်ကန်းယုတ်မာစွာဖြင့် စစ်မိစ္ဆာတို့က ကျင့်သုံးနေခြင်း ဖြစ်သည်။

ဒါတွေကတော့ ထင်သာ​မြင်သာလည်းရှိ၊ ပြီးတော့ စစ်မိစ္ဆာတပ်၏ တိုက်ရိုက်လည်းကျသော ရက်စက်ယုတ်မာမှုတွေပဲ ဖြစ်သည်။ မိမိတို့ကို တိုက်ရိုက်သဘော အပြည့်အဝမဟုတ်သည့်တိုင် တဖြည်းဖြည်းနှင့် တင်းကျပ်လာတာများကိုလည်း ကျန်သည့် ပြည်သူအများစုအနေဖြင့် ယခုအချိန်တွင် သိရှိပြီးဖြစ်လောက်ပြီ။ ကုန်စျေးနှုန်းတွေ နှစ်ဆ၊ သုံးဆမှသည် အဆမတန် ထိုးတက်သွားတာ၊ လျှပ်စစ်မီးတွေ အပြည့်အဝမရတော့တာ၊ မီးမပေးရကောင်းလား ဆိုပြီး ယခင်အစိုးရလက်ထက်ကလို မပြောရဲတော့တာ၊ ခိုးဆိုးလုနှိုက်တွေ ပေါလာတာ၊ အလုပ်အကိုင် ရှားပါးလာတာ စသည်ဖြင့် ပြောရင်ကုန်မှာမဟုတ်သည့် စစ်အာဏာရှင်စနစ်၏ အကျိုးဆက် ဂယက်တွေမှာ မနည်းမနောရှိပါသည်။ ထိုလူမှုအနိဋ္ဌာရုံများ ပေါ်လာသည်မှာ ဘယ်အတိတ်ကံကြောင့်၊ အကုသိုလ်ကံကြောင့်မှ မဟုတ်။ ဝဋ်ကြွေးပါလာလို့ ဆပ်နေရတာလည်း မဟုတ်။ အဓိကလက်သည်မှာ စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်တွေ အုပ်ချုပ်မှုကြောင့်သာ ဖြစ်သည်။ ဒါတောင် ယခုအချိန်တွင် သူတို့ဘက်က အပြည့်အဝ အုပ်ချုပ်ထားနိုင်တာ မဟုတ်။ သူတို့ခေတ်သာ လုံးလုံးရောက်သွားလျှင် ယခုထက်ပို၍ ဒုက္ခဆင်းရဲများမည်။ ငရဲရောက်သလို ခံစားရမည်။ လူဖြစ်ရှုံးသလို ခံစားရမည်။ မဝေးသေးတဲ့ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင်ပင် ယင်းအမှန်တရားကို အလွယ်တကူ တွေ့မြင်နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ သန်းခေါင်ထက် ညဥ့်မနက်တော့သည့် မြန်မာပြည်သူများအနေဖြင့် ၂၀၂၃ တွင် စစ်မိစ္ဆာတပ် အမြစ်ဖြတ်မည်ဆိုသည့် ဆုံးဖြတ်ချက်များနှင့်အတူ ၂၀၂၃ ကို ရဲရဲရင့်ရင့် ရင်ဆိုင် တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါတော့သည်။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013