DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂၇၃၀ ထိ ရှိလာ
DVB
·
January 12, 2023
စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂၇၃၀ ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၇၃၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၂၁၇ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၄၆၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၀၁၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၇၂၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ထိန်ကန်ကြီးကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမျိုးလင်းကို အကြမ်းဖက်စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၅ ရက်မှာတော့ ဦးမျိုးလင်း နေမကောင်းတာကြောင့် ဆေးရုံကိုလာဖို့ အကြောင်းကြားတာကြောင့် မိသားစုဝင်တွေ လိုက်သွားချိန်မှာ ဦးမျိုးလင်းဟာ သေဆုံးခဲ့ပြီဖြစ်တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဦးမျိုးလင်းရဲ့ ရုပ်အလောင်းမှာတော့ ခြေ၊ လက်တွေနဲ့ ဒူးခေါင်းတို့မှာ ညိုမည်းနေပြီး ဦးခေါင်းမှာတော့ အပေါက်ဖြစ်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ဦးမျိုးလင်းရဲ့ ရုပ်အလောင်း ကို မိသားစုဆီ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဇန်နဝါရီ ၇ ရက်မှာ သူတို့အစီအစဉ်နဲ့ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး အသက် ၅၈ နှစ်အရွယ် ဦးထွန်းလှကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013