DVB Logo
Home
Lead Story
စစ်မိစ္ဆာအာဏာရှင်စနစ် အပြီးချုပ်ငြိမ်းမယ့် မင်္ဂလာနှစ်သစ် ၂၀၂၃ ကို စု‌ပေါင်းအားနဲ့ကြိုဆိုကြ
DVB
·
January 12, 2023
စစ်မိစ္ဆာအာဏာရှင်စနစ် အပြီးချုပ်ငြိမ်းမယ့် မင်္ဂလာနှစ်သစ် ၂၀၂၃ ကို စု‌ပေါင်းအားနဲ့ကြိုဆိုကြ
Donate to DVB

ပြည်သူလူထုရဲ့ မယိမ်းယိုင်တဲ့ အမှန်တရားအတွက် ခုခံကာကွယ်မှု၊ ကြီးကျယ်ခမ်းနားတဲ့ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့အတူ ဝမ်းနည်းကြေကွဲစရာ သတင်းဆိုးတွေ၊ စစ်အာဏာစနစ်ဆိုးရဲ့ နောက်ဆုံးထွက်သက် ရုန်းကန်မှု‌ကြောင့် မြန်မာပြည်သူတွေ ရင်နဲ့မမျှအောင် ခံစားခဲ့ရတဲ့ အပြင်းထန်ဆုံး ဆင်းရဲဒုက္ခတွေနဲ့ လွှမ်းခြုံနေတဲ့ ၂၀၂၂ ဆိုတဲ့ နှစ်ဟောင်းဟာ ကုန်လွန်ကျန်ရစ်ခဲ့ပါပြီ။

၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေဟာ ကမ္ဘာက စံပြု‌လေးစားရတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ဂန္ထဝင်သမိုင်းကို ကိုယ်ပိုင်အသက်အိုးအိမ်စည်းစိမ်နဲ့ ဘဝတွေ စွန့်လွှတ်လို့ ပြည်သူလူထုကိုယ်တိုင် စိုက်ထူခဲ့ကြတဲ့နှစ်တွေ ဖြစ်တာမို့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီအပင်ပျို ပေါက်ရောက်ရှင်သန်လာဖို့ လက်ဗလာနဲ့ ပင်ပန်းဆင်းရဲကြီးစွာ ရင်းနှီးစိုက်ပျိုးခဲ့ရတဲ့ နှစ်တွေလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ကတော့ မြန်မာပြည်သူတွေ ကြီးမားစွာပေးဆပ်လို့ စိုက်ပျိုးခဲ့သမျှ ပြန်လည်ရိတ်သိမ်းဖို့ ကြုံလာမယ့် နှစ်ကောင်းနှစ်မြတ်တနှစ် ဖြစ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး စတဲ့ စစ်မျက်နှာအသီးသီးက တိုးတက်ဖြစ်ထွန်းလာတဲ့ သတင်းအချက်အလက်တွေနဲ့‌ အောက်ပါ‌အောင်မြင်မှုရလဒ်တွေက တညီတညွတ်တည်း ညွှန်ပြနေတာကတော့ နွေဦးတော်လှန်ရေးအတွက် အပေါင်းလက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၁) ပြည်သူလူထုကို ကိုယ်စားပြုပြီး နိုင်ငံတကာအစိုးများနဲ့ ထိတွေ့ချိတ်ဆက် ထိုး‌ဖောက်လှုပ်ရှား‌နိုင်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခိုင်ခိုင်မာမာ ပေါ်ထွန်းရပ်တည်နိုင်ခဲ့ခြင်း၊

(၂) တရားဝင် ရွေးကောက်ခံအမတ်များနဲ့ ဖွဲ့စည်းထားတဲ့ The Committee Representing Pyidaungsu Hluttaw (CRPH) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပေါ်ထွန်းလာခဲ့ပြီး နိုင်ငံတကာ ပါလီမန်အမတ် ကွန်ဂရက်အမတ်များနဲ့ ဆက်သွယ်‌ ဆောင်ရွက်နိုင်လာခြင်း၊

(၃) ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် သတ်မှတ်လာရတဲ့ ၂၀၂၁ မေလ ၅ ရက်တွင် ဖွဲ့စည်းဖြစ်ပေါ်လာပြီး ယခုအခါ တိုက်ပွဲဝင်အင်အား ၆၅,၀၀၀ ထိရှိလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defense Force) ဟာ အစဉ်အလာကြီးမားတဲ့ (EAO - KNU/KIA/CDF/KNDF/AA/TNLA/MNDAA) စတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်များနဲ့ လက်တွဲပူးပေါင်း တိုက်ပွဲများ‌ အောင်ပွဲရလာခဲ့ခြင်း၊

(၄) အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုဖြစ်တဲ့ CDM လှုပ်ရှားမှုကြီးမှာ နိုင်ငံ့ဝန်ထမ်း ၂ သိန်းကျော် ပါဝင်ခဲ့ခြင်း၊

(၅) စစ်မိစ္ဆာဘီလူးတို့ရဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုကို ကြံ့ကြံ့ခံပြီး ၂ နှစ်နီးပါး ရှိလာပေမဲ့ တရက်မှ မပျက်ကွက်ဘဲ နွေဦးတော်လှန်ရေး အရှိန်အဟုန် လျော့ကျသွားခြင်းမရှိတဲ့ မြန်မာနိုင်ငံတဝန်းက မြို့ရွာများစွာရဲ့ လမ်းမတွေထက်မှာ စစ်အာဏာရှင်ဆန့်ကျင်‌ရေး အထွေထွေသပိတ်များ ဆက်လက်ပေါ်ထွန်းနေခြင်း၊

(၆) အာဏာလုစစ်‌ဓားပြတွေကို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ ပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးအတွက် ပထမဆုံးအကြိမ်အဖြစ် တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ကျန် ၁၂ နိုင်ငံရဲ့ ထောက်ခံချက်နဲ့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်-၂၆၆၉ ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထွက်ပေါ်လာခဲ့ခြင်း၊

(၇) ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်အစိုးရက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး အသုံးစရိတ်ဥပဒေ (Bill of National Defense Authorization Act - NDAA) ထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ “BURMA Act of 2022” ကို ထည့်သွင်းခဲ့ပြီး NUG၊ NUCC၊ CRPH နှင့် PDF တွေ လက်နက်မဟုတ်တဲ့ တခြား ကူညီထောက်ပံ့မှုတွေ‌ပေးမယ့် အချက်တွေ အတည်ဖြစ်လာခြင်း၊

(၈) အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (ASEAN Five-Point Consensus) ကို အကောင်အထည်မဖော်ဘဲ အဖွဲ့ဝင်နိုင်ငံတွေအပေါ် မထေမဲ့မြင်ပြုနေတဲ့ စစ်မိစ္ဆာ ဘီလူးသဘက်တွေကို အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းက မည်သည့်ဆွေးနွေးပွဲကိုမှ မဖိတ်ကြားဘဲ ဖယ်ကြဉ်ဒဏ်ခတ်ခဲ့ပြီး ပိုမိုပြင်းထန်တဲ့ဖိအားတွေ ထပ်မံပေးဖို့ အလားအလာ များသထက်များလာခြင်း၊

(၉) ၂၀၂၃ ခုနှစ်မှာ စစ်မိစ္ဆာဓားပြအုပ်ကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ ဘက်ပေါင်းစုံက ဟန်ချက်ညီညီတိုက်ခိုက်ကာ ထိုးစစ်ဆင်မယ့် စီမံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်‌နေ့မှာ အသိပေး ကြေညာခဲ့ပြီး နောက်ဆုံး ပွဲသိမ်းထိုးနှက်ချက်ကို ပြည်သူလူထုရဲ့ စုစည်းညီညွတ်တဲ့အင်အားနဲ့ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း၊

(၁၀) အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၆) နယ်မြေမှာ ဒီဇင်ဘာ ၂၅ ရက်‌နေ့က ကျင်းပခဲ့တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသအတွက် ပေးအပ်မယ့် လက်နက်အလက် ၅၀ ကို ကော်ဘရာဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ခြင်း ...၊

(၁၁) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၃၂၊ ခလရ ၂၈၃၊ ခလရ ၂၈၄ တပ်ရင်းတွေကို KNLA တပ်မဟာ ၆ နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ဇန်နဝါရီ ၄ ရက်‌နေ့ မနက်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်း၊

(၁၂) ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ပါတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၃ ဖွဲ့က မြန်မာပြည်သူတွေကို နှစ်သစ်ကူး သတင်းစကားအဖြစ် ဇန်နဝါရီ ၁ ရက်က စစ်အာဏာရှင်စနစ် တိုက်ထုတ်ဖို့အတွက် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့  ထုတ်ပြန်ကြေညာခဲ့ခြင်း၊

(၁၃) ရှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အဖွဲ့များဖြစ်သည့် အမှတ် ၁၀၀၅၊ ၁၀၀၈ နှင့် ၁၀၀၉ တပ်ရင်းများ၊ PDF တပ်ရင်းတခုတို့ပါဝင်သည့် ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု ပေါ်ထွန်းလာခြင်း၊

(၁၄) ၂၀၂၃ ခုနစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ရင်းအမှတ် ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ တပ်ရင်း ၅ ရင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား တွေ့ဆုံပြီး ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မယ့် စီမံချက်တွေနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်း၊

စတဲ့ နွေဦးတော်လှန်ရေးကြီးရဲ့ သိသာထင်ရှားစွာ‌ ပေါ်ထွန်းလာတဲ့ အောင်မြင်မှုရလဒ် အပေါင်းလက္ခဏာတွေ စဆုံလို့ မြန်မာပြည်သူအားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ စစ်မိစ္ဆာအာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်ကို သမိုင်းတွင်မယ့် ၂၀၂၃ ခုနှစ်မှာ တည်နိုင်ဖို့ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းသား ရဟန်းရှင်လူ မိဘပြည်သူလူထု တရပ်လုံးပါဝင်တဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့ ကျစ်လျစ်တဲ့ စုစည်းညီညွတ်မှုအားနဲ့တကွ တရားမျှတမှုနဲ့ အမှန်တရားကို စောင့်ရှောက်ရာမှာ မယိမ်းယိုင်တဲ့ နိုင်ငံရေးယုံကြည်ချက်တွေ နိုင်ငံသားတိုင်း မိမိနိုင်ရာတာဝန်၊ ကျရာအခန်းကဏ္ဍမှာ ဝိုင်းဝန်းပါဝင်ဆင်နွှဲကြဖို့ အလေးအနက် တိုက်တွန်းရင်း မင်္ဂလာနှစ်သစ် ၂၀၂၃ အားမာန်အပြည့်နဲ့ ကြိုဆိုကြဖို့ နှိုးဆော်လိုက်ရပါကြောင်း။

(မင်းကောင်းချစ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013