DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက စီးပွားရေးဝန်းကျင်ကောင်း မဖန်တီးနိုင်သဖြင့် တိုင်းပြည်ငွေကြေးနှင့် လူသားအရင်းအမြစ်များ ဆုံးရှုံး
DVB
·
January 10, 2023
စစ်ကောင်စီက စီးပွားရေးဝန်းကျင်ကောင်း မဖန်တီးနိုင်သဖြင့် တိုင်းပြည်ငွေကြေးနှင့် လူသားအရင်းအမြစ်များ ဆုံးရှုံး
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတွင်းမှာ လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မှု မရှိတဲ့အတွက် ပြည်တွင်းက ငွေကြေးအရင်းအနှီးတွေနဲ့အတူ လူသားအရင်းအမြစ်တွေ ပြည်ပနိုင်ငံတွေဆီ စီးထွက်နေတယ်လို့ သုတေသီတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းကလည်း ပျောက်ဆုံးခဲ့ရပါတယ်။ ဒါကြောင့်ပဲ ပြည်တွင်းက ငွေကြေးတတ်နိုင်သူတွေဟာ မိမိတို့လုံခြုံရေးအတွက် စိတ်ချရတဲ့ နယ်မြေသစ်ဆီ ပြောင်းရွှေ့သွားကြပါတယ်။

၂၀၂၂ တနှစ်တာအတွင်းမှာ ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒို (လူနေအိမ်ရာ) အဆောက်အဦတွေကို အများဆုံးဝယ်ယူခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ မြန်မာက အဆင့် ၇ နေရာမှာရှိပြီး အရေအတွက်အားဖြင့် အိမ်ရာအခန်းပေါင်း ၁၈၈ ခုရှိတာ တွေ့ရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

အိမ်ရာအခန်းတခန်းရဲ့ တန်ဖိုးဟာ ပျမ်းမျှ ကျပ် သိန်း ၂,၀၀၀ ကျော်ကနေ သိန်း ၆,၀၀၀ ကျော် တန်ဖိုးရှိတာကြောင့် တန်ဖိုးအားဖြင့် မြန်မာငွေ ကျပ်ဘီလီယံချီပြီး  စီးထွက်သွားတာပါ။ ဒါဟာ မြန်မာကနေ ထိုင်းနိုင်ငံကို အိမ်ခြံမြေကိစ္စတခုတည်းမှာသာ စီးထွက်သွားတဲ့ တိုင်းပြည်ရဲ့ ဓနတွေဖြစ်ပြီး စင်ကာပူအပါအဝင် တခြား အာဆီယံနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေဆီ စီးထွက်သွားတဲ့ ငွေကြေးတွေကလည်း မခန့်မှန်းနိုင်လောက်အောင် အများအပြားရှိနေတာပါ။

ဒါ့အပြင် နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ အဖိုးတန်ပညာရှင်တွေနဲ့ အရွယ်ကောင်းတဲ့ လူသားအရင်းမြစ်တွေလည်း နိုင်ငံတွင်းကနေ နေ့စဉ်လိုလို စီးထွက်နေလို့ နိုင်ငံတော်အတွက် ဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒါဟာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းကို မဖန်တီးပေးနိုင်တဲ့ အားနည်းချက်နဲ့အတူ လုံခြုံရေးအရလည်း စိတ်ချယုံကြည်ရတဲ့ အခြေအနေတွေ မဖန်တီးပေးနိုင်တာတွေကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

စီးပွားရေးသုတေသီတဦးက “အာဏာသိမ်းပြီးကတည်းကပေါ့နော်။ ကျနော်မြင်တာက business friendly environment ပေါ့၊ လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းက ပျောက်သွားခဲ့ရတယ်။ ဘဏ်တွေမှာ ပိုက်ဆံတွေ ထုတ်မရဘူး။ ပြီးတော့ လုံခြုံရေးအရ ကြည့်လို့ရှိရင်လည်း မကောင်းဘူးဆိုတဲ့ လုပ်သာကိုင်သာရှိတဲ့ ဝန်းကျင်တွေ အကုန်လုံးက ပျောက်သွားတယ်လေနော်။ အဲ့တော့ ကျနော်ထင်တယ်၊ အဓိကပြဿနာက အဲ့ဒါလို့ ထင်ပါတယ်။ ဒီတော့ ထွက်သွားတဲ့ငွေတွေက ရင်းနှီးမြှုပ်နှံမှု ရှုထောင့်ကနေ ကြည့်ရင် မြန်မာပြည်အနေနဲ့ ဆုံးရှုံးတယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ တခုရှိတာက သူများဆီကငွေတွေ ကျနော်တို့ဆီ ပြန်ဝင်စေချင်ရင် ကျနော်တို့လည်း တံခါးဖွင့်ပေါ့။ တံခါးဖွင့်ဆိုတာက  လုပ်သာကိုင်သာရှိတဲ့ ဝန်းကျင်ကောင်းဖြစ်အောင် လုပ်ပေးပေါ့” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လုပ်သာကိုင်သာရှိတဲ့ ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်မှု မရှိသမျှ ကာလပတ်လုံး ပြည်တွင်းက ငွေကြေးအရင်းအနှီးနဲ့အတူ လူသားအရင်းအမြစ်တွေဟာ ပြည်ပနိုင်ငံတွေဆီ စီးထွက်နေဦးမယ့်သဘောမှာ ရှိနေပါတယ်။

ပြည်ပရောက် သုတေသီတဦးကလည်း “ကျနော်တို့ ၁၉၈၉၊ ၁၉၉၀ ကာလကပေါ့နော်၊ အာဏာသိမ်းပြီးတဲ့ အချိန်မှာပေါ့၊ ဝန်ထမ်းတွေကို မေးခွန်း ၃၃ ခုလား ဖြေခိုင်းတယ်။ အဲ့ဒီ့မေးခွန်းအတွက် အဖြေမမှန်လို့ရှိရင် အလုပ်ကထွက်ပေါ့နော်။ အဲ့တော့ ဘာဖြစ်ကုန်လဲဆိုတော့ ကျနော်တို့ မြန်မာပြည်က တက္ကသိုလ်က ဆရာ၊ ဆရာမတွေက ထိုင်းဘက်ကို ရောက်လာကြတယ်။ အဲ့တော့ ကိုယ့်ဆီက ဆရာ၊ ဆရာမတွေ မရှိတော့ဘူး ဖြစ်ကုန်တာပေါ့။ အဲ့တုန်းကလည်း တိုင်းပြည်က ဆုတ်ယုတ်ခဲ့ရတယ်။ အခုလည်း ဒီသဘောပဲ။ ဘာလို့လဲဆို အခုလည်း ဘက်ပေါင်းစုံက ထွက်သလို ဖြစ်နေတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နဝတ၊ နအဖ စစ်အစိုးရဟာ တိုင်းပြည်စီးပွားရေးကို ချွတ်ခြုံကျအောင်လုပ်ခဲ့ပြီး ခရိုနီတွေကို မွေးထုတ်ခဲ့ပါတယ်။

ဒါကြောင့် အခုတကြိမ်မှာလည်း တိုင်းပြည်စီးပွားရေးက ထပ်မံချွတ်ခြုံကျဖို့ရှိနေပြီး ခရိုနီအသစ်တွေကို ထပ်မံမွေးထုတ်လာဖို့ ရှိလာနေတယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013