
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံ အထူးသံတမန်တို့ တွေ့ဆုံခွင့်ရရေးအတွက် ထိုင်းနိုင်ငံက မြန်မာစစ်အာဏာရှင်ဘက်ကို ဖိအားပေး တိုက်တွန်းလိုက်တဲ့အကြောင်း Thai PBS သတင်းမှာ ဇူလိုင် ၁၆ ရက်က ဖော်ပြပါတယ်။
ဒါဟာ လာမဲ့နိုဝင်ဘာလမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုအသစ်တခုအနေနဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးတို့ အကြား လူကိုယ်တိုင်တက်ရောက်ပြီး အလွတ်သဘော ဆွေးနွေးခဲ့ကြတာကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာစစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပထမဆုံးအကြိမ် လူကိုယ်တိုင် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုဖြစ်သလို မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြဖို့ တွန်းအားပေးတဲ့ ဆွေးနွေးပွဲလည်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမှာ တိုးတက်မှု အလွန်နည်းပါးနေပြီး နောက်ပိုင်းမှာ ဖြစ်ပေါ်လာမဲ့ တိုးတက်မှုတွေကို တိုင်းတာဖို့ ရှင်းလင်းတဲ့ ညွှန်းကိန်းတွေကို ချမှတ်ထားသလို အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်လွှတ်ပေးဖို့နဲ့ အသက် ၈၁ နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ရှိလာဖို့ဆိုတဲ့ အဓိကစံနှုန်းတွေ ပါဝင်နေတယ်လို့ သတင်းက ဆိုပါတယ်။
စစ်အာဏာရှင်ဘက်ကတော့ အခုနှစ်အစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေပြည်တော်က နေအိမ်တအိမ်မှာ ပြောင်းရွှေ့ချုပ်နှောင်ထားလိုက်ပြီလို့ ကြေညာခဲ့ပေမဲ့ အဆိုပါပြောကြားချက်အပေါ် နိုင်ငံတကာက သံသယရှိနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ နိုင်ငံတကာသံတမန်တွေကတော့ သူ့ရဲ့အခြေအနေကို သီးခြားလွတ်လပ်စွာ သွားရောက်စစ်ဆေးခွင့် တောင်းဆိုချက်တွေကို စစ်အာဏာရှင်ဘက်က ထပ်ခါတလဲလဲ ငြင်းပယ်ထားပြီး ၂၀၂၂ ခုနှစ် နှောင်းပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းမှာ လုံးဝမတွေ့ရတော့သလို သတင်းစကားလည်း မကြားရတော့ဘူးလို့ ထောက်ပြကြပါတယ်။
အခုလို တွေ့ဆုံခွင့်ရဖို့ ဖိအားပေးမှုတွေ ထွက်ပေါ်လာတာဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်မသွားရောက်ခင် ကြိုတင်ပြင်ဆင်နေချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။
လာဇာရိုဟာ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံကို ရောက်ရှိနေခဲ့ပြီး မြန်မာစစ်အာဏာရှင်ရဲ့ ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ အလွတ်သဘော သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။
"နေပြည်တော်အနေနဲ့ အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်က ပြောကြားခဲ့ပြီး စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ကတော့ ဒီအဆိုပြုချက်ကို ငြင်းပယ်ခြင်းမရှိဘဲ စစ်အာဏာရှင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
Source: Thai PBS










