DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၊ နေပြည်တော်၊ ရခိုင်နှင့် တနင်္သာရီအပါအဝင် နိုင်ငံအနှံ့ လူဦးရေစာရင်းကောက်နေ
DVB
·
January 9, 2023
ရန်ကုန်၊ နေပြည်တော်၊ ရခိုင်နှင့် တနင်္သာရီအပါအဝင် နိုင်ငံအနှံ့ လူဦးရေစာရင်းကောက်နေ
1 / 4
Donate to DVB

ရွေးကောက်ပွဲသစ်ကျင်းပဖို့ ပြင်ဆင်တဲ့အနေနဲ့ စစ်ကောင်စီက ရန်ကုန်၊ နေပြည်တော်၊ ရခိုင်နဲ့ တနင်္သာရီ အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လူဦးရေသန်းခေါင်စာရင်းတွေ လိုက်ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်ရှိ မြို့နယ်တချို့မှာ ဇန်နဝါရီ ၇ ရက်က စတင်ပြီး ရပ်ကွက်အပိုင် ရာအိမ်မှူးတွေကတဆင့် နေအိမ်တွေမှာနေထိုင်တဲ့ မိသားစုတစုအတွင်းမှာရှိတဲ့ လူဦးရေ အတိအကျနဲ့ အချက်အလက် အတိအကျကို လိုက်လံကောက်ခံနေတာ ဖြစ်ပါတယ်။

လိုက်လံကောက်ခံနေတဲ့ စာရင်းတွေကတော့ အမည်၊ အဖအမည်၊ မိခင်အမည်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ အိမ်နံပါတ်ကအစ ကောက်ယူနေတယ်လို့ သိရပါတယ်။

ရပ်ကွက်ထဲ မဲစာရင်းကောက်ခံနေသူတဦးက “မဲမပေးချင်ဘူးဆိုရင် ရပါတယ်။ မဲစာရင်းအတွက် စာရင်းကောက်နေတာပါ” လို့ ပြောပါတယ်။

ရန်ကုန်မှာနေထိုင်ပြီး သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ရှိပေမဲ့ မဲပေးလို့ရမှာမဟုတ်ဘဲ မှတ်ပုံတင်ပါ နေရပ်လိပ်စာအတိုင်း မဲပြန်ပေးရမှာဖြစ်သလို ရန်ကုန်လိပ်စာမဟုတ်ဘဲ တခြားနေရာမှာ နေထိုင်တဲ့သူတွေကလည်း ရန်ကုန်မှာ မဲပေးလို့မရဘူးလို့လည်း ဆိုပါတယ်။

၂၀၂ဝ ရွေးကောက်ပွဲတုန်းက ပညာရေးဝန်ထမ်းတွေက မဲစာရင်းလိုက်လံကောက်ခံပေမဲ့ စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက်တော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကတဆင့် ရာအိမ်မှူးတွေကပဲ လိုက်လံစာရင်းကောက်ယူနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မြို့နယ်တွေအားလုံးမှာ ဇန်နဝါရီ ၉ ရက် ဒီနေ့မနက်ပိုင်းကစတင်ပြီး တအိမ်တက်ဆင်း လူဦးရေစာရင်းတွေ ကောက်နေတယ်လို့  သက်ဆိုင်ရာ တာဝန်ရှိသူတွေထံက သိရပါတယ်။

တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူရာမှာ လဝက၊ ထွေအုပ်၊ ရပ်ကျေးစာရေးတွေ၊ ပညာရေးဌာနမှအပ တခြား ဌာနဆိုင်ရာပေါင်းစုံ ပါတယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။

စစ်တွေမြို့ခံတဦးက “စစ်တွေက ရပ်ကွက်ပေါင်းစုံမှာ စတင်ကောက်ယူနေတယ်လို့ သိရတယ်ဗျ။ အခု မိဇံရပ်ကွက်မှာ ကောက်နေတာတွေ့တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူပေါင်း ၆,၀၀၀ ကျော်ကို အဖွဲ့ပေါင်း ၁,၂၉၀ ဖွဲ့ပြီး မြို့နယ်အားလုံးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ တပြိုင်တည်း လူဦးရေစာရင်းတွေကို ဇန်နဝါရီ ၉ ရက်က စတင်ကောက်နေတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တခုလုံးမှာ လူဦးရေစာရင်းကို အိမ်ထောင်စုစာရင်းနဲ့ အိမ်တိုင်ရာရောက် ကောက်ယူဖို့ ဒီဇင်ဘာ ၂၀ ရက်က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမမှာ လူပေါင်း ၁၀၉ ဦးကို စစ်ကောင်စီက ထပ်ဆင့်သင်တန်းပို့ချခဲ့ပါတယ်။

မောင်တောဒေသခံ မွတ်ဆလင်လူကြီးတဦးက “မွတ်ဆလင်ကျေးရွာတွေကို စာရင်းကောက်ယူနေတာရှိတယ်။ မဲထည့်ခွင့်ရမလား၊ မရဘူးလားတော့ မပြောတတ်ဘူး။ မဲထည့်ခွင့်ရရင်လည်း ဘယ်သူမှထည့်မယ်မထင်ပါဘူး။ အတင်းအဓမ္မထည့်ခိုင်းရင်တော့ မတတ်နိုင်ဘူးပေါ့” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူဦးရေစာရင်း လိုက်ကောက်နေပေမဲ့ မွတ်ဆလင်တွေကို မဲ့ထည့်ပိုင်ခွင့် ပြုမပြုကိုတော့ စစ်ကောင်စီက လတ်တလော ညွှန်ကြားထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးက လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တွေနဲ့အတူ အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်မြို့ခံတဦးက “ပျူစောထီးတွေအားကောင်းတဲ့ ရပ်ကွက်တွေမှာ ဒီလိုမျိုး လုပ်ဆောင်တာတွေရှိတယ်။ အိမ်ထောင်စုစာရင်းကောက်တာဟာ စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။

အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ယူတာကြောင့် ဒေသခံပြည်သူတွေက မဖြည့်ချင်ပေမဲ့ ဖြည့်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်မြို့ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ရောက်ရှိလာပြီး မြိတ်မြို့နယ်မှာ မြေပြင်ကွင်းဆင်း လူဦးရေ စာရင်းကောက်အဖွဲ့တွေရဲ့ စာရင်းကောက်နေမှုကို လာရောက်ကြည့်ရှုစစ်ဆေးရာ အရင်ကထက် လုံခြုံရေးတွေ ပိုချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ၊ ပျူစောထီးတွေ ပြည်သူ့စစ်နဲ့ သတင်းပေး ဒလန်တွေ တပတ်အတွင်း နုတ်ထွက်ကြဖို့ မြိတ်(ပကဖ) အဖွဲ့က ဇန်နဝါရီ ၅ ရက်က သတိပေး ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာလည်း  ဇန်နဝါရီ ၆ ရက်ကတည်းက စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူတွေက မြေပြင်ကွင်းဆင်း လူဦး‌ရေစာရင်း ကောက်ယူနေကြပါတယ်။

လက်ရှိ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေနဲ့ အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ခံနေတဲ့ လုပ်ငန်းတွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းတာမလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေး ကြေညာထားပါတယ်။

အဓမ္မခြိမ်းခြောက်လာရင် မှတ်တမ်းယူထားပြီး အချက်အလက်အမှားတွေပေးဖို့၊ သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်သတင်းပေးတွေကို မှတ်သားကာ NUG တရားရေးရာဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေထံ တိုင်ကြားဖို့လည်း နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013