
‘ဝ’ (UWSP) ၊ မိုင်းလား (NDAA) နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SAA) ၃ ဖွဲ့ရဲ့ ကိုယ်စားလှယ်နဲ့ စစ်ကောင်စီဩဇာခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်မှာ ၃ ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီးနောက် ဇန်နဝါရီ ၇ ရက်မှာ သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။
“ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်နဲ့ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ ဇန်နဝါရီ ၆ ရက်ကနေ ၇ ရက်ထိ တွေ့ဆုံဆွေးနွေးသဘောတူညီခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
ပြီးခဲ့တဲ့ရက်က ဆွေးနွေးရာမှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်တွေအရ နှစ်ဖက်သဘောထားတွေကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပေမဲ့ သဘောတူညီချက်မှာ ဘာတွေပါလဲဆိုတာကို ပြည်သူလူထုကို အသိပေးကြေညာတာမရှိပါဘူး။
တရုတ်အထူးသံမန် မြန်မာနိုင်ငံကို ရောက်လာပြီး စစ်ကောင်စီနဲ့ တွေ့ဆုံအပြီးမှာ အခုလို ‘ဝ’၊ ကိုးကန့်၊ ရှမ်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ နေပြည်တော်ကိုရောက်လာပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာလည်း အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။
အဆိုပါတိုင်းရင်းသား ၅ ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA) KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အပါအဝင် အချက် ၄ ချက်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။
Photo-DSINFO