DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အသိအမှတ်ပြုသည့်လုပ်ရပ်များ ရပ်တန့်ရန် ဝါရှင်တန် ထိုင်းသံရုံးရှေ့ဆန္ဒပြ
DVB
·
January 7, 2023
စစ်ကောင်စီကို အသိအမှတ်ပြုသည့်လုပ်ရပ်များ ရပ်တန့်ရန် ဝါရှင်တန် ထိုင်းသံရုံးရှေ့ဆန္ဒပြ
1 / 5
Donate to DVB

စစ်ကောင်စီကိုအသိအမှတ်ပြုတဲ့ ထိုင်းအစိုးရရဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ထားတဲ ထိုင်းသံရုံးရှေ့မှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၆ ရက် ညနေပိုင်းမှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဒီဇင်ဘာ ၈ ရက်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အသစ်က သူ့ရဲ့သံတမန်ခန့်အပ်လွှာကို စစ်ခေါင်းဆောင်ဆီသွားရောက်ပေးအပ်ခဲ့တာ၊ ထိုင်းအစိုးရက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဘန်ကောက်မှာ သီးသန့်ခေါ်ယူတွေ့ဆုံခဲ့တာ ဒီကိစ္စတွေကိုရပ်တန်းကရပ်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဆီကိုလိပ်မူထားတဲ့ ပေးစာတစ်စောင်ကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးတာဝန်ရှိသူကို  ပေးအပ်ခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု- ဝါရှင်တန်ဒီစီအဖွဲ့မှ ကိုရင်အေးက "တကမ္ဘာလုံးက အသိအမှတ်မပြုတော့တဲ့ စစ်အာဏာရှင်၊ အာဏာရူးတွေကို ထိုင်းနိုင်ငံအနေနဲ့ အသိအမှတ်ပြုဆက်ဆံနေတယ်ဆိုတဲ့အနေအထားကို ကျနော်တို့လုံးဝလက်မခံနိုင်ဘူး။ ဒီဇင်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်အသစ်က သူ့ရဲ့ credential ကို စစ်ကောင်စီ အကြမ်းဖက်သမားလူသတ်သမားကိုသွားပေးတယ်ဆိုတဲ့အပြုအမူမျိုးတွေ၊ နောက်ပြီး အာဆီယံကတောင် အသိအမှတ်မပြုတဲ့ မင်းအောင်လှိုင်ရဲ့နောက်မြီးဆွဲ ဝဏ္ဏမောင်လွင်လိုလူမျိုးကို ထိုင်းနိုင်ငံကဖိတ်ပြီး သီးသန့်တွေ့ပြီး စကားပြောတဲ့ကိစ္စတွေ၊ ဒါတွေဟာ မကြာခင်မှာ ချုပ်ငြိမ်းတော့မယ့် အသက်ငင်နေတဲ့ အကြမ်းဖက်စစ်ကောင်ကို အသိအမှတ်ပြုဖို့ ကြိုးစားနေတဲ့ကိစ္စလို့ကျနော်ကတော့မြင်တယ်” လို့ ပြောပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံဟာ သူတို့ရဲ့လိုက်လျောညီထွေနေထိုင်တဲ့မူကို ဆက်လက်ဆုပ်ကိုင်ထားပြီး ထိုင်း-မြန်မာနယ်စပ်ကနေ ဝင်ရောက်ခဲ့တဲ့ မြန်မာစစ်ရှောင်ပြည်သူတွေကို အတိုင်းအတာတစ်ခုအထိ လက်ခံထားခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကျော် သမိုင်းမှာ မြန်မာစစ်အာဏာရှင်တွေနဲ့လည်း အလိုက်သင့်နေထိုင်ခဲ့တာဖြစ်ပြီး သူတို့နိုင်ငံစီးပွားရေးကို အထောက်အကူပြုမယ့်အချက်ကိုသာ အဓိက မျက်မှောက်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုရင်အေးက "ဒီတော်လှန်ရေးဟာ အရင်တော်လှန်ရေးတွေလိုမဟုတ်ဘူး။ စစ်ကောင်စီကျရှုံးနေပြီ။ ဒီအခြေအနေတွေကို သဘောပေါက်ပါ။ သဘောမပေါက်ခဲ့ရင် ကျနော်တို့နဲ့ အနာဂတ် ဆက်ဆံရေးက ထိုင်းနိုင်ငံအနေနဲ့ အန္တရာယ်ရှိတယ်။ ဒုက္ခရှိတယ်။ ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာဖြစ်မယ်။ တကမ္ဘာလုံးက ဆေးဖော်ကြောဖက်မလုပ်တဲ့ တရားမဝင်စစ်အုပ်စုကို အသိအမှတ်ပြုသလိုဖြစ်ခဲ့ရင် ခင်ဗျားတို့ တကမ္ဘာလုံးမှာ မျက်နှာပျက်စရာရှိတယ်။”လို့ပြောပါတယ်။

မကြာခင်မှာ အမေရိကန်ကအတည်ပြုထားတဲ့ NDAA ဥပဒေမှာပါတဲ့ Burma Act အတိုင်း မြန်မာကို ကူအညီတွေပေးရင်လည်း ထိုင်းရဲ့ကူညီမှုတွေလိုအပ်တာကြောင့်  ထိုင်းအနေနဲ့ ရပ်တည်မှုမမှားစေချင်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေး အင်အားစုတွေကို အသိအမှတ်ပြုဆက်ဆံဖို့လည်း ဆန္ဒပြသူတွေက  တောင်းဆိုခဲ့ပါတယ်။ 

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာ အာဆီယံနိုင်ငံတွေက မြန်မာအရေး ဘုံးသဘောတူညီချက် ၅ ရပ်ချမှတ်လုပ်ဆောင်ခဲ့ပေမဲ့ စစ်ကောင်စီက မျက်ကွယ်ပြုခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် ထိုင်းနဲ့ ကမ္ဘောဒီယားတို့က စစ်ခေါင်းဆောင်ဘက်ကရပ်တည်တဲ့သဘောမျိုးတွေ ပြောဆိုပြုမူခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း အများအပြားရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုချမှတ်ထားပါတယ်။

မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်း အကူအညီပေးမယ့်အချက်ပါဝင်တဲ့ အမေရိကန်အစိုးရဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကို ဒီဇင်ဘာ ၂၉ ရက်မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုထားပါတယ်။

မြန်မာ့တော်လှန်ရေးနဲ့ပြည်သူတွေကို အကူအညီပေးမယ့် အစီအစဉ်တွေထည့်သွင်းထားတဲ့ Burma Act ကိုလည်း အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA မှာထည့်သွင်းခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ဥပဒေအဖြစ် သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013