DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် အဆမတန် ငွေကြေး တောင်းခံနေ
DVB
·
January 7, 2023
စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် အဆမတန် ငွေကြေး တောင်းခံနေ
Donate to DVB

ရန်ကုန်မြို့အထွက် ဇီးရိုးမိုင်က စလို့ လမ်းခရီး တလျှောက် စစ်ဆေးရေး ဂိတ်တွေမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့မျိုးစုံက လုံခြုံရေးအကြောင်းပြချက်နဲ့ အဆမတန် ငွေကြေး တောင်းခံနေတယ်လို့  ခရီးသွားပြည်သူတွေကပြောပါတယ်။

မြို့အဝင်ထွက် စစ်ဆေးရေး ဂိတ်တွေမှာ  ခရီးသည်တွေကို ဖုန်းနဲ့ မှတ်ပုံတင်တွေ အဓိက စစ်ဆေးနေပြီး အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် မလဲရသေးတာ၊ ၅ မျဉ်းစောင်း မှတ်ပုံတင်ဖြစ်နေတာစတဲ့ အကြောင်းပြချက်တွေနဲ့ အကျင်းအကျပ် ငွေကြေး တောင်းခံနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်း ရန်ကုန်-မြဝတီ သွားခဲ့တဲ့ ခရီးသွားပြည်သူတဦးက"ခရီးလမ်းတလျှောက်က ကျနော်တို့ ရန်ကုန် စထွက်ကတည်းက ဇီးရိုးမိုင်မှာ ဖုန်းတွေကော၊ မှတ်ပုံတင်တွေကော စစ်တယ်။ ဂိတ်ပေါင်း မနည်းဘူး။ တဂိတ်ပြီး တဂိတ် ဖြတ်ရတယ်။ မြဝတီ အရောက်ထိဆို ဂိတ်ပေါင်း ၂၀ လောက်ရှိတယ်။ စစ်တာက ဖုန်းတွေ စစ်တယ်။ မှတ်ပုံတင်တွေ စစ်တယ်။ မှတ်ပုံတင်မှာ ၅ မျဉ်းစောင်းပါရင် ပိုက်ဆံပေးရတယ်။ ၅ မျဉ်းစောင်းတွေမှာ ထောက်ခံစာတွေ မပါလို့ ရစ်တယ်။ ၅၀၀၀ ပေးလိုက်ရင် ပြီးသွားပြီ လွှတ်ပေးတယ်။ ပြီးရင် ၁၈ နှစ်ပြည့် မှတ်ပုံတင်ကတ် မလဲရသေးရင် အဲ့လူတွေကို ခေါ်ပြီး ဘာလို့ မလဲရသေးတာလဲ မေးတယ်။ တယောက်ကို ၅၀၀၀ ပေးခဲ့ရတယ်။ ကျနော်ဆို ၁၈ နှစ် မလဲရသေးလို့ ၁၅၀၀၀ ကုန်တယ်။ လမ်းတလျှောက် အရမ်းစစ်တယ်။ မှတ်ပုံတင်ကို အဓိက စစ်တာ။ ပိုက်ဆံပေးခဲ့ရတာ အဆိုးဆုံးပဲ။ လမ်းဆင်းပြီး လျှောက်ခိုင်းတာလည်း ရှိတယ်" လို့ ပြောပါတယ်။

သူက ဆက်ပြီး "အဓိကက ကျိုက်ထို အထွက်မှာဆိုရင် စစ်ဆေးရေးဂိတ်ကြီးမှာ ကားတန်း အရှည်ကြီးပဲ။ Express ကားတွေဆိုလည်း အဲ့အပေါ်က လူတွေကို ဆင်းခိုင်း၊ တစီးပြီးတစီးစစ်တာ။ ကျိုက်ထိုမှာတော့ ကားတန်းအရှည်ကြီးနဲ့ တော်တော်ဆိုးတယ်။ ဘားအံအထွက် အကျော် မြဝတီ မရောက်ခင် ကော့ကရိတ်မှာဆိုလည်း အဆင်းဆိုရင် ကားပေါ်ကနေ ဆင်းခိုင်းပြီး အကုန်လုံးလိုက်စစ်တာတွေ ရှိတယ်။ အဓိကက အခက်အခဲ အတွေ့အကြုံကတော့ မှတ်ပုံတင်စစ်ပြီး ပိုက်ဆံတောင်းတာပဲ"လို့ ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးတိုင်း ဝေါမြို့နယ်မှာရှိတဲ့ ညောင်ခါးရှည် စစ်ဆေးရေး ဂိတ်ဟာ စစ်ဆေးမှုအချိန် ပိုမို ကြန့်ကြာတာနဲ့ တရားမဝင် ငွေကြေး တောင်းခံတာတွေကြောင့် ကားသမားနဲ့ ခရီးသွားတွေကြားမှာ လူပြောများပါတယ်။ စစ်ကောင်စီက ဒီစစ်ဆေးရေးဂိတ်ကို ၂၀၂၂ နှစ်ဆန်းပိုင်းမှာ စတင်ဖွင့်လှစ်တာ ဖြစ်ပြီး မနက် ၄ နာရီကနေ ည ၁၁ နာရီအထိ စစ်ဆေးပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ X-Ray စက်နဲ့ ကုန်တင်ကားတွေ၊ ခရီးသွားယာဉ်လိုင်းတွေကို အဓိကထား စစ်ဆေးပြီး အိမ်စီးကားတွေကိုလည်း မသင်္ကာရင် မသင်္ကာသလို စစ်ဆေးတာတွေ ရှိတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

"ဟိုးတနေ့က ကျမတို့ ပထမတခေါက် ပြန်လာတော့ ၃ နာရီလောက် ကြာတယ်။ ဟိုတခါ တော်တော် ပိတ်သွားသေးတယ်။ အဲ့တုန်းက နေ့ခင်း ၂ နာရီက စီးတာ။ နောက်နေ့ မနက် ၉ နာရီလောက်မှ ထွက်ရတယ်။ ပုံမှန် မရှိဘူး။ ကျမတို့ အရင်တုန်းက လမ်းကြောင်းနဲ့ ကျော်တာ ရတယ်။ အခုနောက်ပိုင်းကျ လုပ်တဲ့သူများလာတော့ အဆင်မပြေတော့ဘူး။ ပြန်ပေးမကျော်တော့ဘူး။ ရှေ့ကို ကျော်တက်လာရင် ဟိုးအနောက်က ပြန်စီရတယ်။ ကျော်လို့ရှိရင် ဒဏ်ငွေက ၅ သောင်းလို့ ပြောတယ်။ တချို့က ကား တန်းမစီချင်ဘူး အရမ်းကြာတယ်ဆိုရင် အဲ့ကနေ ဆိုင်ကယ်နဲ့ ဟိုဘက် X-ray ဂိတ်ကို ဆိုင်ကယ်နဲ့ ဖြတ်သွားလိုက်၊ အဲ့ကနေ ပြီးတော့မှ ထိပ်ဆုံးကလာတဲ့ ကားကို တားစီးသွား၊ အဲ့ဒါ အချိန်ကြာ သက်သာတယ်။ လမ်းကြေးက  စစ်ဆေးရေး ဂိတ်တွေမှာ တောက်လျှောက် အကုန်ပေးရတယ်။ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀ ပေး။ တခါတလေ ၁၀၀၀ ပေးရင် ၂၀၀၀ လောက်ပေးခဲ့ အဲ့လိုမျိုး တောင်းတယ်"လို့  ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

ပုံမှန်အားဖြင့် အချိန် ၄ နာရီ ဝန်းကျင်သာ ကြာမြင့်တဲ့ ရန်ကုန်-ကျိုက်ထိုခရီးဟာ အခုလို စစ်ဆေးမှုတွေကြောင့် အချိန် ၈ နာရီလောက် ကြာမြင့်ပြီး တခါတရံ အချိန် တရက်နီးပါး ကြာမြင့်တဲ့ ရက်တွေလည်း ကြုံရတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။

အခုလို စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေနဲ့ တရားမဝင် ငွေကြေး တောင်းခံတာတွေကြောင့် ယာဉ်မောင်းတွေ၊ ခရီးသွားပြည်သူတွေဟာ ငွေကြေး ကုန်ကျမှုတွေနဲ့ အချိန် ကြန့်ကြာတာတွေ ကြုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013