DVB Logo
Home
မြန်မာသတင်း
ပုသိမ်ထောင်တွင် စစ်အုပ်စုရိုက်နှက်ညှဉ်းပန်းမှုကြောင့် နိုင်ကျဉ်း ၁ ဦးသေ၊ နိုင်ငံတဝန်း ကျဆုံးပြည်သူ ၂,၇၀၇ ဦးထိရှိလာ
DVB
·
January 6, 2023
ပုသိမ်ထောင်တွင် စစ်အုပ်စုရိုက်နှက်ညှဉ်းပန်းမှုကြောင့် နိုင်ကျဉ်း ၁ ဦးသေ၊ နိုင်ငံတဝန်း ကျဆုံးပြည်သူ ၂,၇၀၇ ဦးထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၉၉၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၂၇၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၉၁၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၆၉၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ညက ပုသိမ်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းနဲ့ ရဲအင်အား အများအပြားက နိုင်ငံရေးအကျဉ်းသားတွေကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာလည်း ဆက်လက်ပြီးတော့ ရိုက်နှက်နေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်သူ ဝင်းမင်းထက် (ခ) မဲကြီးမှာ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားကြောင်း ကြားသိရပြီး အဆိုပါသေဆုံးမှုကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။ ၈ ယောက်ကတော့ ပုသိမ်ဆေးရုံအသစ်မှာ ဆေးကုသမှုခံနေရတယ်လို့ သိရပြီး သူတို့ဟာလည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်က လွတ်‌မြောက်လာသူတွေထဲမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါက်တာ မင်းထက်ပိုင် ပါဝင်ခဲ့ပေမဲ့ သူ့ကို တခြားအမှုကပ်ပြီး ထောင်ဘူးဝရှေ့မှာ ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာမင်းထက်ပိုင်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ် မဟုတ်မမှန်ရေးသားပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေဖို့ စည်းရုံးလှုံ့ဆော်တယ်လို့ စွပ်စွဲခံခဲ့ရကာ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ကြေးနန်းတိုင်တံတားမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013