DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရန် ကုလသမဂ္ဂအကြီးအကဲထပ်မံတောင်းဆို
DVB
·
January 5, 2023
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရန် ကုလသမဂ္ဂအကြီးအကဲထပ်မံတောင်းဆို
Donate to DVB

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချခံထားရတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဂူးတားရက်စ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟာ့ခ်က“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုနောက်ထပ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေပေါ်မှာ အလွန် စိုးရိမ်စိတ်မကောင်းဖြစ်ရကြောင်းအတွင်းရေးမှူးချုပ်က ဖော်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့အတူ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ စိတ်ထင်တိုင်းဖမ်းဆီးခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်”လို့ ဇန်နဝါရီလ ၃ ရက်က ထုတ်ပြန်မှုမှာ ပြောခဲ့ပါတယ်။

တရားဥပဒေရှေ့မှောက်မှာ လူတိုင်း တန်းတူညီမျှရှိစေရေး၊ အပြစ်ကင်းတယ်လို့ ကြိုတင်ယူဆချက်ရှိစေရေး၊ တရားမျှတပြီး ဘက်လိုက်မှုမရှိတဲ့ ပွင့်လင်းမြင်သာတဲ့ တရားခွင်မှာ စစ်ဆေးကြားနာမှုရစေရေးနဲ့ တရားခွင်မှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် အာမခံချက်အပြည့်အဝရှိစေရေးတို့ကို ပိုမိုလေးနက်သက်ဝင်အောင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အ ရေးကြေညာစာတမ်းမှာ သတ်မှတ်ဖော်ပြထားပါတယ်လည်း သူကပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဩဇာခံ စစ်ခုံရုံးကနေ အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့  ပြီးခဲ့တဲ့သီတင်းပတ်မှာ နောက်ထပ် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး  စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိနေပြီဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကလည်း မြန်မာစစ်အာဏာရှင်တွေကို စကားလုံးတွေနဲ့ ရှုတ်ချပြစ်တင်တာထက်ပိုတဲ့ အရေးယူမှုတွေပြုလုပ်ဖို့  ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ 

“သူတို့အပေါ် စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချနေတာထက်ပိုတဲ့ အရေးယူမှုတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက အကောင်အထည်ဖော်ဖို့လိုနေပါပြီ။ သူတို့ကိုလက်တွေ့အရေးယူဖို့ လိုနေပါပြီ” လို့  တွမ်အန်းဒရူးစ်က  သူ့ရဲ့ တွစ်တာမှာရေးပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လည်လွှတ်ပေးဖို့တောင်းဆိုတာပါဝင်တဲ့ မြန်မာ့ရေးဆုံးဖြတ်ချက်တရပ်ကို  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့လက ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ထားပါတယ်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အဖြစ် ဇန်နဝါရီ ၄ ရက်က အကျဉ်းသား ၇၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာတော့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုတယောက်ကလွဲပြီး    ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကတော့ ပါမလာခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013