DVB Logo
Home
မြန်မာသတင်း
စစ်အသုံးစရိတ် စံချိန်တင်တိုးမြှင့်သုံးစွဲနေသည့် စစ်ကောင်စီကို ဘတ်ဂျက်ကျွမ်းကျင်သူများ ဝေဖန်
DVB
·
January 3, 2023
စစ်အသုံးစရိတ် စံချိန်တင်တိုးမြှင့်သုံးစွဲနေသည့် စစ်ကောင်စီကို ဘတ်ဂျက်ကျွမ်းကျင်သူများ ဝေဖန်
Donate to DVB

တိုင်းပြည်ဆင်းရဲမွဲတေနေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ထပ်တိုးဘတ်ဂျက် အတည်ပြုပြဋ္ဌာန်းကာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ် ၄,၁၄၀ ဘီလီယံကျော်အထိ စံချိန်တင် တိုးမြှင့်သုံးစွဲနေတဲ့အပေါ် ဘတ်ဂျက်ကျွမ်းကျင်တဲ့ လေ့လာသူတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင်ဟာ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့စွဲနဲ့ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေမှာ ကာကွယ်ရေးအတွက် အသုံးစရိတ် ကျပ်သန်းပေါင်း ၃,၇၀၃,၈၆၆ ဒသမ ၇၉၈ (ဘီလီယံ ၃,၇၀၀ ကျော်) ထပ်ချပေးထားခဲ့တာပါ။ ဒီပမာဏဟာ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေရဲ့ စုစုပေါင်း အသုံးစရိတ်နဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၂၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။

အခုတခါ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ ဆိုပြီး (နောက်တိုး ဘတ်ဂျက်) စစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ထပ်မံခွင့်ပြုပေးလိုက်ပါတယ်။

ခွင့်ပြုချက်အရ ကာကွယ်ရေးအတွက် အသုံးစရိတ်က ကျပ်သန်းပေါင်း ၄၄၀,၂၀၉ ဒသမ ၂၂၈ (၄၄၀ ဘီလီယံ) ရှိပါတယ်။ အဆိုပါပမာဏဟာ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေရဲ့ စုစုပေါင်းအသုံးစရိတ် (ထပ်တိုးဘတ်ဂျက်) နဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်းရှိပြီး အမြင့်ဆုံးရှိနေတာ တွေ့ရပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် တနှစ်တည်းမှာ ကာကွယ်ရေးအတွက် အသုံးစရိတ် ကျပ်သန်းပေါင်း ၄,၁၄၀ ဘီလီယံကျော်အထိ သုံးစွဲဖို့ စံချိန်တင် ခွင့်ပြုပေးထားပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ကာကွယ်ရေးအတွက် အသုံးစရိတ်ကို တနှစ်တာအတွင်းမှာ စံချိန်တင် တိုးမြှင့်သုံးစွဲလာတာဟာ အကြောင်းမဲ့မဖြစ်နိုင်ဘူးလို့ ဘတ်ဂျက် စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

သုတေသီတဦးက “ကာကွယ်ရေးအတွက် အသုံးစရိတ်က ဒီတနှစ်တည်းမှာ တော်တော်လေး တိုးလာတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ သုံးခဲ့တဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြန်ကြည့်တဲ့အခါ ဘတ်ဂျက်စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းလောက် ‌ေပးခဲ့တာ တွေ့ရတယ်။ အခုတော့ ထပ်တိုးဘတ်ဂျက်မပါခင် သူတို့ထုတ်တဲ့ စာရင်းတွေအရ ၁၈ ရာခိုင်နှုန်းလောက် ရှိတာဆိုတော့ ကာကွယ်ရေးအသုံးစရိတ်တွေ တက်လာတယ်လို့ ပြောနိုင်ပါတယ်။ ပြီးတော့ အခုဟာက သိတဲ့အတိုင်းပဲ စစ်အုပ်ချုပ်ရေးဆိုတော့ သူတို့ဆီမှာ check and balance ကလည်း မရှိဘူးလေ။ အရင်ကတော့ လွှတ်တော်ရှိတဲ့အတွက် လွှတ်တော်မှာ တင်ရတယ်။ ဒါကို အပြန်အလှန် ဆွေးနွေးပြီးတော့မှ စဉ်းစားဆုံးဖြတ်ကြတာပေါ့။ အခုတော့ စစ်ကောင်စီ ကို counter လုပ်မယ့်သူလည်း မရှိဆိုတော့ ကိုယ့်ဘတ်ဂျက်ကို ကိုယ့်ဘာသာကိုယ်ဆွဲပြီး သုံးသလိုတော့ ရှိတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘတ်ဂျက်လေ့လာသူတဦးကလည်း “စစ်ကောင်စီက ခွင့်ပြုပေးလိုက်တဲ့ ထပ်တိုးဘတ်ဂျက် စာရင်းမှာ ကျန်းမာရေးအတွက် အသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၂၀၀ (၁ ဒသမ ၂ ဘီလီယံ) ဆိုတာက ကာကွယ်ရေးအသုံးစရိတ် ကျပ်သန်းပေါင်း ၄၄၀ ဘီလီယံနဲ့ယှဉ်ရင် အဆပေါင်း ၃၀၀ ကျော်အထိ ကွာတယ်နော်။ ဆိုတော့ စစ်အုပ်ချုပ်ရေးအောက်က ကျန်းမာရေးစနစ် ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ တခါ ပညာရေးအသုံးစရိတ်ပေါ့။ သူကတော့ ကျပ်သန်းပေါင်း ၉ ဒသမ ၇ ဘီလီယံ သုံးမယ်ဆိုတော့ ကျန်းမာရေးလောက်တော့ မဆိုးဘူးပေါ့ဗျာ။ ဒါပေမဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ ယှဉ်ရင်တော့ ၄ ဆကျော်လောက် နည်းတာ တွေ့ရတယ်။ ဒါကလည်း သိတဲ့အတိုင်းပဲလေ။ နယ်မြေစိုးမိုးရေးအတွက် တိုက်ပွဲတွေဖြစ်နေတာဆိုတော့ အသုံးစရိတ်က လိုတာပေါ့နော်။ တိုင်းပြည်အတွက်ကတော့ စိတ်မကောင်းစရာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အသုံးပြုခဲ့တဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို နှစ်အလိုက်ကြည့်ပါက ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၂,၉၉၀ ဘီလီယံကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၃,၁၉၂ ဘီလီယံကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၃,၂၅၀ ဘီလီယံကျော်၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၃,၃၈၅ ဘီလီယံကျော်၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၃,၄၁၄ ဘီလီယံကျော် အသီးသီး သုံးစွဲခဲ့ပါတယ်။

တိုင်းပြည်ဘဏ္ဍာငွေတွေကို အခုလို နှစ်စဉ် တိုးမြှင့်သုံးစွဲခဲ့တဲ့ စစ်တပ်ဟာ လက်ရှိမှာတော့ နိုင်ငံအနှံ့အပြားရှိ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေပြီး ရွာလုံးကျွတ် မီးရှို့နေတဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အပြင်းအထန် ပြုလုပ်နေပါတယ်။

စစ်ကောင်စီက စစ်အသုံးစရိတ်နဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို စံချိန်တင်သုံးစွဲနေချိန်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေကတော့ ယိုယွင်းပျက်စီးပြီး ပြည်သူလူထုဟာလည်း ဆင်းရဲတွင်းနက် ခက်ခဲကျပ်တည်းနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013