DVB Logo
Home
မြန်မာသတင်း
MSME စီးပွားရေးလုပ်ငန်းများအတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ် ၁၇၀ ဘီလီယံ ခွင့်ပြု
DVB
·
December 30, 2022
MSME စီးပွားရေးလုပ်ငန်းများအတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ် ၁၇၀ ဘီလီယံ ခွင့်ပြု
Donate to DVB

အသေးစား၊ အငယ်စားနဲ့  အလတ်စား  (MSME) စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေထူထောင်ဖို့ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေရဲ့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေကနေ ထောက်ပံ့ငွေအဖြစ်  ကျပ် ၁၇၀ ဘီလီယံ ကို လျာထား ခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ  စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက  ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ  ပြုလုပ်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တာပါ။

အဲဒီအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်လည်းရရှိထားပြီးဖြစ်ကြောင်းနဲ့  ရန်ပုံငွေကို အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေ၊ ပြပွဲပြိုင်ပွဲကျင်းပတဲ့ လုပ်ငန်းစဉ်တွေနဲ့  MSME စီးပွားရေးလုပ်ငန်းတွေ အတွက် အတိုးနှုန်းသက်သာတဲ့ နှစ်တို၊ နှစ်လတ်ချေးငွေတွေ ထုတ်ချေးနိုင်နိုင်ရေး ကိစ္စတွေမှာ  ဦးစားပေးသုံးစွဲမည်လို့လည်း ပြောပါတယ်။ 

စစ်ကောင်စီအနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၄၀၀ နဲ့ မတည်ထူထောင်ထားပြီး၊ အခုအခါ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက် ရေးရန်ပုံငွေကိုလည်း ထပ်မံထူထောင်ဖို့ ဆောင်ရွက်လာတာဖြစ်ပါတယ်။

အခုလို MSME စီးပွားရေးလုပ်ငန်းတွေအတွက် ဖြည့်စွက်ခွင့်ပြုငွေ ထပ်မံချထားပေးတာနဲ့ ကိုဗစ်-၁၉ အထူးချေးငွေ အပါအဝင် ရန်ပုံငွေတွေ ထူထောင်ပေးတာဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကျဆင်းခဲ့ရတဲ့ နိုင်ငံစီးပွားရေးကို ပြန်လည်မြှင့်တင်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့်ရော စစ်အာဏာသိမ်းမှုကြောင့်ပါ တိုင်းပြည်စီးပွားရေးဟာ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး ကျဆင်းမှုနဲ့ကြုံတွေ့နေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013