DVB Logo
Home
မြန်မာသတင်း
ရိုးမဘဏ်၌ ရင်းနှီးမြှုပ်နှံမှု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ပြန်ရုပ်သိမ်းမည်
DVB
·
December 21, 2022
ရိုးမဘဏ်၌ ရင်းနှီးမြှုပ်နှံမှု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ပြန်ရုပ်သိမ်းမည်
Donate to DVB

ကမ္ဘာ့ဘဏ်ရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ Justice For Myanmar က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရိုးမဘဏ်ရဲ့ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ညီမျှတဲ့ သူ့ရှယ်ယာတွေကို First Myanmar Investment (FMI) ကုမ္ပဏီထံ ရောင်းချဖို့အတွက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်က ရှယ်ယာရောင်းချမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

IFC က အခုလို နုတ်ထွက်ရတဲ့ အကြောင်းရင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းစုကို ဖြတ်တောက်ပေးကြဖို့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်ကြတဲ့ လူထုရဲ့ ဖိအားပေး တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံရတဲ့ မျက်နှာစာမှာ ပုံရိပ်ကျဆင်းစေတဲ့အပြင် FMI ကုမ္ပဏီအပေါ်မှာလည်း ထိခိုက်မှုရှိစေတယ်လို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

စီးပွားရေးသုတေသီတဦးက “နိုင်ငံတကာကတော့ ထုံးစံအတိုင်း ဒဏ်ခတ် အရေးယူတာပေါ့ဗျာ။ ဒါကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက လိုက်ပါဆောင်ရွက်ကြရတယ်။ ဒါကြောင့်ပဲ မြန်မာပြည်မှာ ရှိပြီးသားဟာတွေက ထွက်ကုန်ကြတာ။ ဒါက နိုင်ငံတကာရဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ့နော်။ အခုဆိုရင် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေက မြန်မာပြည်ကိုပေးတဲ့ အကူအညီတွေ အကုန်လုံး ရပ်ဆိုင်းထားတာပဲ။ ဒီနေရာမှာ ရပ်ဆိုင်းထားတယ်ဆိုတာက တနည်းအားဖြင့် အရေးယူတာပေါ့။ အဲဒီတော့ အရေးယူတဲ့ နောက်ဆက်တွဲအနေနဲ့ အခုလို ဆောင်ရွက်တာလို့ မြင်တယ်။ ပြီးတော့ ဒါမျိုးဖြစ်လာတာက မြန်မာပြည်ဟာ နိုင်ငံတကာနဲ့ စီးပွားရေး ဆက်ဆံရတဲ့ ပုံရိပ်အတွက်တော့ မကောင်းဘူးပေါ့ဗျာ။ ဒါတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ယုံကြည်မှုကို ကျဆင်းစေတယ်။ ပြီးတော့ FMI အနေနဲ့ မြန်မာပြည်မှာ အရင်တုန်းကတော့ ပြည်တွင်းမှာ နာမည်ကောင်း ရခဲ့တာပေါ့နော်။ နာမည်ကောင်းရှိခဲ့လို့ပဲ နိုင်ငံခြားကုမ္ပဏီတွေက သူနဲ့ဖက်စပ်လုပ်ထားတဲ့ လုပ်ငန်းတွေရှိတယ်။ ဒါပေမဲ့ ဒီသက်ရောက်မှုက သူ့အပေါ်မှာလည်း ရှိလာနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

First Myanmar Investment (FMI) ကုမ္ပဏီဟာ ရန်ကုန်စတော့အိတ်ချိန်းမှာ Listed စာရင်းသွင်းထားပြီး အစုရှယ်ယာတွေကို ရောင်းဝယ်ခွင့် ပြုလုပ်နိုင်တဲ့ အများပိုင်ကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီရဲ့လက်အောက်မှာ ရိုးမဘဏ် အပါအဝင် ပန်းလှိုင်ဆေးရုံ၊ အိမ်ခြံမြေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ Non Financial Services လုပ်ငန်း၊ Automotive လုပ်ငန်းနဲ့ Consumer စတဲ့လုပ်ငန်းခွဲများစွာ ရှိပါတယ်။

Justice For Myanmar ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ အဲဒီကုမ္ပဏီကို ဦးသိမ်းဝေ (ခ) Mr Serge Pun က ဦးဆောင်ကာ စင်ကာပူနိုင်ငံရဲ့ နိုင်ငံပိုင် ဓနရန်ပုံငွေ GIC အဖွဲ့ဝင် Greenwood Capital က ရိုးမဘဏ်ရဲ့ ရှယ်ယာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ နော်ဝေနိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်း Norfund က ၁၀ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကျောထောက်နောက်ခံပြုထားတယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် ရိုးမဘဏ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ GIC နဲ့ Norfund တို့ဟာ သူတို့ရဲ့အခွင့်အာဏာကို သုံးပြီး စစ်ကောင်စီရဲ့ အကျိုးစီးပွားနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ ဒါမှမဟုတ် နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်တွေနဲ့အညီ တာဝန်သိသိနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

ရိုးမဘဏ်ဟာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ မြန်မာကုမ္ပဏီ Pinnacle Asia ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ချေးငွေတရပ် ထုတ်ပေးခဲ့ပြီး အဲဒီချေးငွေဟာ စစ်တပ်ပိုင် မိုဘိုင်းအော်ပရေတာ မိုင်တဲလ်အတွက် တာဝါတိုင်တွေ တည်ဆောက်ဖို့ ပံ့ပိုးပေးခဲ့ပါတယ်။

ဒါ့အပြင် ရိုးမဘဏ်ဟာ မိုင်တဲလ်ပိုင်ရှင်ဖြစ်သူ Telecom International Myanmar အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ကို ၂၀၂၂ ခုနှစ် မတ်လအထိ သိမ်းဆည်းပေးခဲ့တဲ့အပြင် စစ်တပ်ပိုင် အင်းဝဘဏ်ရဲ့ မှတ်တမ်းတွေကို ဖွင့်ချခဲ့ရာမှာ ရိုးမဘဏ်နဲ့ ငွေလွှဲပေးပို့မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့တာကို Justice For Myanmar က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အလားတူ သြစတြေးလျအခြေစိုက် ANZ ဘဏ်ဟာ စစ်တပ်ပိုင် အင်းဝဘဏ်နဲ့ ငွေလွှဲပေးပို့မှုတွေ ရှိခဲ့တာကို လူသိရှင်ကြား ဖော်ထုတ်ခံရပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း နိုဝင်ဘာလက ကြေညာခဲ့ပါသေးတယ်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်ဆောင်နေတာကို ရိုးမဘဏ်က မတားဆီးနိုင်တဲ့ အခြေအနေမှာ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) အနေနဲ့ ရိုးမဘဏ်ကနေ နုတ်ထွက်လိုက်တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆွေးနွေးညှိနှိုင်းပြီး ရိုးမဘဏ်ကနေ တာဝန်သိစွာ နုတ်ထွက်ဖို့ IFC ကို တိုက်တွန်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013