DVB Logo
Home
မြန်မာသတင်း
လှည်းကူးတွင် ရိုဟင်ဂျာ ၁၃ ဦး အသက်ရှူမဝဘဲသေဆုံးခြင်းဖြစ်ဟု စစ်ကောင်စီထုတ်ပြန်၊ လူကုန်ကူးဂိုဏ်းကို ဖမ်းဆီး
DVB
·
December 21, 2022
လှည်းကူးတွင် ရိုဟင်ဂျာ ၁၃ ဦး အသက်ရှူမဝဘဲသေဆုံးခြင်းဖြစ်ဟု စစ်ကောင်စီထုတ်ပြန်၊ လူကုန်ကူးဂိုဏ်းကို ဖမ်းဆီး
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် မနက်ကတွေ့ရှိခဲ့တဲ့  ရိုဟင်ဂျာလူငယ် အမျိုးသားအလောင်း ၁၃ လောင်းဟာ လူကုန်ကူးသူတွေ ခေါ်လာစဥ် လမ်းမှာအသက်ရှူမ၀ဘဲ သေဆုံးသွားခဲ့သူတွေဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၄ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကနေ၊ မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းဘေး တောတနေရာကို ရောက်နေတဲ့ ရိုဟင်ဂျာ ၃၃ ယောက်ကို  အခကြေးငွေယူပြီး သယ်ဆောင်သူတွေက ဆီဘောက်ဆာကားနဲ့ သယ်လာခဲ့တာလို့ဆိုပါတယ်။

ပန်းတိုင်စစ်ဆေးရေးဂိတ်နဲ့ ထန်းတပင်မြို့နယ်၊ သီတာအေးလမ်းစုံ စစ်ဆေးရေးဂိတ်တွေကိုဖြတ် သန်းစဉ်မှာ အပေါ်က လေ၀င်ပေါက်အဖုံးကို ခေတ္တပိတ်ထားခဲ့ရတာကြောင့်၊ ဘောက်ဆာထဲမှာပါလာတဲ့ ၃၃ ယောက်ထဲက လူငယ် ၁၃ ယောက်က အသက်ရှူမ၀ဖြစ်ပြီး ပါးစပ်မှာ အမြှုပ်ထွက် သေဆုံးခဲ့ကာ သူတို့အလောင်းတွေကို ဖောကားနဲ့၊ တပင်ရွှေထီးလမ်းဘေးမှာ သွားရောက်စွန့်ပစ်ခဲ့တာလို့  စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။

လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအဝင် သစ်ခွခြံအနီးမှာ ဒီဇင်ဘာလ ၈ ရက်နေ့က  ရိုဟင်ဂျာ (ကျား-မ) ၁၃ ယောက်ကို ဖမ်းဆီးရမိလို့ စစ်ဆေးမေးမြန်းရာမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၂၅၅ ဦးကို မလေးရှားနိုင်ငံကို ပို့ဆောင် ၅ ကြိမ်တိုင် လူကုန်ကူးခဲ့တဲ့ ဂိုဏ်းတခုကိုဖေါ်ထုတ်နိုင်ခဲ့တယ်လို့  စစ်ကောင်စီက ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်းက ဦးသန့်ဇင်ဦး၊ ကိုအေးခိုင်၊ ကိုဇော်၀င်း၊ ကိုထက်ကျော်၊ ကိုမြတ်စိုးဦး၊ ကိုမင်းမင်းထိုက်၊ ကိုဇော်အောင်၊ ကိုအောင်၊ ကိုမြင့်စိန်၊ ကိုဇော်ဇော်လတ်၊ ကိုကျော်ကျော်၊ ကိုအောင်အောင်တို့ ၁၂ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၃ ယောက်ကို တရားခံပြေးအဖြစ် သတ်မှတ်ထားပါတယ်။

အခုလို လူကုန်ကူးမှုနဲ့ဖမ်းထားသူတွေအတူ ဆီဘောက်ဆာကားတစီး အပါအ၀င် စုစုပေါင်းကား ၆ စီးကိုပါ ဖမ်းဆီးသိမ်းဆည်းထားတယ်လို့ လှည်းကူးမြို့နယ် နေထိုင်သူတယောက်ထံက သိရပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ ရိုဟင်ဂျာ လူငယ် အမျိုးသားအလောင်း ၁၃ ယောက်ဟာ စွန့်ပစ်ထားခံရပြီး စစ်ကောင်စီက မွတ်ဆလင်ဘာသာရေး ဓလေ့ထုံးစံနဲ့အညီ သင်္ဂြိုဟ်ခွင့်မပေးဘဲ မီးရှို့သင်္ဂြိုဟ်ခံလိုက်ရတယ်လို့ လည်း ဒေသခံက ပြောပါတယ်။

လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ဇုန် ၁ အနီးမှာ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းကလည်း  ၁၂ ဘီးယာဉ် တစီးပေါ်ကနေ  ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှစ်ဦးနဲ့အတူ ရိုဟင်ဂျာ ၆၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူ အောက်တိုဘာလလယ်တုန်းကလည်း လှည်းကူးမြို့ ဇီးရိုးမိုင်နဲ့ လှည်းကူးတာဆုံမှာ ရိုဟင်ဂျာ ၁၆ ဦးကို ဖမ်းဆီးမိခဲ့တာလည်း ရှိပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့လတွေကလည်း ရိုဟင်ဂျာ ၅၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်အသီးသီးရှိ တရားရုံးတွေမှာ လဝကဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013