ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ မွန်ပြည်နယ်၊ မုပ္ပလင်ကို ဆက်သွယ်ထားတဲ့ စစ်တောင်းတံတားနားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ လူငယ် နှစ်ယောက်ကို တားဆီး စစ်ဆေးချိန် ထွက်ပြေးတဲ့ အတွက် သေနတ်နဲ့ပစ်ဖမ်းရာမှာ တယောက်ဖမ်းမိပြီး တယောက်လွတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိမ်ဇရပ်ကားဂိတ်ကနေ ဆိုင်ကယ်ကယ်ရီနဲ့ ဆိပ်ကမ်းသာလှေဆိပ်ကို အသွား စစ်တောင်း တံတားနားက စစ်ဆေးရေးဂိတ်မှာ စစ်ဆေးချိန် အခုလို ဖြစ်ပွားခဲ့တာပါ။
ဒေသခံ တဦးက “ဆိုင်ကယ်ကယ်ရီနဲ့ လာတာမှာ လမ်းမှာ သူတို့နဲ့ ဆုံတာပေါ့။ သူတို့ကို ကျောပိုးအိတ်တွေလည်းပါတော့ စစ်လိုက်တာ တံဆိပ်ရယ်၊ ဖုန်းနားကြပ်ရယ်၊ အိမ်သုံးဆေးလေးတွေ တွေ့တယ်။ အဲဒီလိုမိတော့ ကလေး နှစ်ယောက်ကို သေနတ်တွေနဲ့ ထုတာပေါ့။ ထုတော့ ကလေးတွေက ထွက်ပြေးတာ သူတို့က သေနတ်နဲ့ လိုက်ပစ်တာ။ တယောက် မိသွားတယ်။ ကလေးတွေကိုတော့ မထိလိုက်ဘူး။ တယောက်ကတော့ လွတ်သွား တယ်။ အခု ၂၀၇ တပ်ထဲ ဖမ်းလာတယ်”လို့ ဆိုပါတယ်။
လတ်တလော မြို့ပြစစ်ဆင်ရေးတွေအတွက် နေရပ်ပြန်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး ခံနေရသလို ခရီးသွားပြည်သူတွေလည်း မသင်္ကာမှုနဲ့ နေ့စဉ်စစ်ဆေး ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်၊
ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ခံ တဦးက “ကလေးတွေက စစ်ရေးအမြင် နည်းနည်းပေါ့လျော့တယ်။ ပေါ့လျော့တယ်ဆိုတာက တချို့ ဖုန်းတွေထဲမှာ ဒေတာအချက်အလက် တွေ ပါတာရှိတယ်။ တချို့ကျတော့ အသုံးအဆောင်တွေကို မဖျောက်ဖျက်မိတာပေါ့။ အဲဒီတော့ သူတို့က မသင်္ကာလို့ စစ်တော့ တွေ့ပြီး အဖမ်းခံရတာပေါ့။ မိတဲ့သူတွေကို သတ်ပစ်တာ ကြားနေရ တာပဲ။ တရားရုံးပို့လည်း ဘာတရားမှ စီရင်တာမဟုတ်ဘူး။ တွေ့တဲ့နေရာ သတ်တာပဲ မသင်္ကာလည်း သတ်တာပဲ အထောက်အထားခိုင်လုံမှရယ် မဟုတ်ဘူး။ ဒီတော့ သတိရှိရှိနဲ့ လူငယ်တွေကို အလုပ် လုပ်စေချင်တယ်” လို့ ဆိုပါတယ်။
စစ်တပ် စစ်ဆေးရေးဂိတ်ဟာ စစ်တောင်းတံတားအဟောင်းရဲ့ ဝေါမြို့ တဘက်ကို ကူးတဲ့ နေရာနားမှာ ရှိတာဖြစ်ပြီး နေ့စဉ်အစစ်အဆေးတွေ ရှိပြီး တံတားဟောင်းကို ၂၀၂၀ စက်တင်ဘာလက ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေကြောင့် ကားသွားလာခွင့်ကို ပိတ်ထားခဲ့တာ လို့ သိရပါတယ်။
ဒီဇင်ဘာဒုတိယအပတ်မှာ အဲဒီစစ်တောင်းတံတားထိပ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့တယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အစစ်အဆေးကို တင်းကျပ်ထားပါတယ်။