DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ဒုက္ခသည်ပြန်လည်လက်ခံရေးထက် ရွေးကောက်ပွဲကိုသာ စစ်ကောင်စီ အာရုံစိုက်နေ
DVB
·
December 17, 2022
ရခိုင်ပြည်နယ်၌ ဒုက္ခသည်ပြန်လည်လက်ခံရေးထက် ရွေးကောက်ပွဲကိုသာ စစ်ကောင်စီ အာရုံစိုက်နေ
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အပစ်အခတ်ရပ်စဲထားပေမဲ့ ၂၀၁၇ ခုနှစ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူတွေကို ပြန်လည်လက်ခံရေး အစီအစဥ် ဒီနေ့အထိ စစ်ကောင်စီက မလုပ်သေးဘဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုသာ ဦးစားပေး ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံ မွတ်ဆလင်လူကြီးတဦးက “တိုက်ပွဲဖြစ်တာတွေ မရှိတော့ဘူးဆိုတော့ ပြန်လည်လက်ခံရေးကို ဦးစားပေး လုပ်ဆောင်ရမှာဗျ။ အခုက စစ်ကောင်စီက ပြန်လည်လက်ခံရေးကို စိတ်ဝင်စားတဲ့ပုံစံ မပြဘူး။ ရွေးကောက်ပွဲကျင်းပဖို့ကိုပဲ ဦးစားပေးနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်ဆလင်ဒုက္ခသည် ၁,၀၀၀ ကျော် ပြန်လည်လက်ခံရာမှာ ဟိန္ဒူ ၃၀၀ ကျော် ပါဝင်မှာဖြစ်ပြီး ပြန်ဝင်လာသူတွေကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စတဲ့ ပြန်လည်လက်ခံရေး စခန်းတွေမှာ နေရာချထားပေးဖို့ စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောဆိုထားခဲ့ပေမဲ့ လက်တွေ့မှာ ဒီနေ့အထိ ပြန်လည်လက်ခံတာ မရှိသေးပါဘူး။

နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး စစ်ကောင်စီက အာရုံစိုက်မှု မရှိတော့ဘဲ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရရှိရေးကိုသာ မြို့နယ်အချို့မှာ ပြုလုပ်လာနေကြောင်း ရခိုင်နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

“အပစ်အခတ်ရပ်ထားတော့ ပြန်လည်လက်ခံရေး ပြုလုပ်လို့ရပါတယ်။ အဲ့ဒါကို သူတို့ အာရုံမစိုက်နိုင်ကြတော့ဘူး။ ဘာအတွက်လဲဆိုတော့ သူတို့ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကျရင် ၂၀၀၈ အခြေခံဥပဒေအရ အစိုးရသစ်တရပ်ကို အာဏာလွှဲကို လွှဲရတော့မယ်။ အဲ့ဒါကြောင့် ကြံ့ခိုင်ရေးပါတီကို သူတို့ ကြိုတင်ပြင်ဆင်နေတာ တွေ့ရတယ်။”

USDP ပါတီအနေဖြင့် သံတွဲ၊ မာန်အောင်၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေမှာ ပါတီဝင်ဟောင်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ အခု ဒီဇင်ဘာလအတွင်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကတော့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ရက္ခိုင့်ပြည်သူ့အစိုးရကို အသိအမှတ်ပြု ကူညီပေးပါက တာဝန်ယူ လက်ခံပေးသွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားသလို လာမယ့်ရွေးကောက်ပွဲကလည်း သူတို့နဲ့ မသက်ဆိုင်ကြောင်း အေအေပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်စဥ် မွတ်ဆလင်ကျေးရွာ ၁၀၀ ကျော်က မွတ်ဆလင်ဒုက္ခသည် ၆ သိန်းကျော်နဲ့ ဟိန္ဒူဒုက္ခသည် ၄၄၄ ဦးတို့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013