DVB Logo
Home
မြန်မာသတင်း
‘ဝ’ ဒေသတွင် ဟွာထိုင်လုံကုမ္ပဏီက လူငယ် ၁၀ ဦးကို အခန်းထဲ ပိတ်လှောင်နှိပ်စက်နေ
DVB
·
December 17, 2022
‘ဝ’ ဒေသတွင် ဟွာထိုင်လုံကုမ္ပဏီက လူငယ် ၁၀ ဦးကို အခန်းထဲ ပိတ်လှောင်နှိပ်စက်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နယ်၊ ဝင်းကောင်မြို့ရှိ ဟွာထိုင်လုံကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ် ၁၀ ယောက်ကျော် အခန်းထဲ ပိတ်လှောင် နှိပ်စက်ခံနေရပြီး အသက်အန္တရာယ်ပါ စိုးရိမ်နေရတယ်လို့  အဆိုပါလူငယ်တွေရဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီက သိရပါတယ်။

လုပ်ခလစာ တောင်းရာကနေ ကုမ္ပဏီရဲ့စာချုပ်ပါ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် နှစ်ဖက်အငြင်းပွားခဲ့ကြလို့ အလုပ်လာရောက် လုပ်ကိုင်တဲ့ မိန်းကလေး ၃ ဦး အပါအဝင် လူငယ် ၁၆ ဦးကို ကုမ္ပဏီလုံခြုံရေးဝန်ထမ်းတွေက လက်ထိပ်ခတ် ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်ခဲ့ပြီး အခန်းထဲ ပိတ်လှောင်ခံထားရတာဖြစ်ပါတယ်။

တလကို တယောက် တရုတ်ငွေ ယွမ် ၃၀၀၀ နဲ့ ၆ လ စာချုပ်ချုပ်ထားပေမဲ့  ပထမလသာ စာချုပ်ပါ သတ်မှတ်ချက်အတိုင်းပေးပြီး နောက်လကစ လစာ အပြည့် မပေးလို့ တောင်းရာက ရိုက်နှက် ဖမ်းဆီးကာ အခန်းထဲ ပိတ်ထားခံရတာလို့  ဖမ်းဆီးခံရသူတွေရဲ့ သူငယ်ချင်း  မိန်းကလေး တဦး  ဆိုပါတယ်။ 

"ဒူးထောက်ခိုင်းပြီး ဖိနပ်နဲ့ ခေါင်းရိုက်တာ။ လက်ထိပ်ပါခတ်တယ်။" "၂ လ ပြည့်တော့မယ်၊ တရုတ်ငွေက ၄၀၀ ပဲပေးလို့ လစာတောင်းတာ။ ... ဆေးကြောင်နေတဲ့ မန်နေဂျာက အမ တယောက်ကို လည်ပင်းလာညှစ်တာ။ ပြီးတော့ အစ်ကို တယောက်ကိုလည်း ရိုက်တာ။" 

အဆိုပါလူငယ်တွေက အေးဂျင့်ကနေတဆင့် ပန်ဆန်းမှာ အလုပ်လာလုပ်တဲ့ လူငယ်တွေဖြစ်ပြီး လက်ရှိ ဝင်းကောင်မြို့ရှိ ချွမ်းနိမ်ဖျော်ဖြေရေး ဆောက်လက်စ အဆောက်အဦးရဲ့ အရှေ့ဘက်မှာဖွင့်လှစ်ထားတဲ့ ဟွာထိုင်လုံကုမ္ပဏီရဲ့ ၇ လွှာရှိ အခန်း ၄၁၄ မှာ နှိပ်စက် ပိတ်လှောင်ခံထားရကာ ဖုန်းတွေလည်း အသိမ်းခံထားရတာဖြစ်ပါတယ်။

စာချုပ် သတ်မှတ်ချက်အတိုင်း ကုမ္ပဏီဘက်က မလိုက်လျောတဲ့အပြင် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက မန်နေဂျာလို့ ယူဆရတဲ့သူက ကုမ္ပဏီအနေနဲ့ ဒေဝါလီ ခံရတော့မယ့် အခြေအနေဖြစ်နေတာကြောင့် တခြားကုမ္ပဏီကို ပြောင်းရွှေ့အလုပ်ပေးဖို့ ပြောခဲ့ပြီး လစာနဲ့ အလုပ်ကိစ္စတွေလည်း တခြားကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုနဲ့သာ သက်ဆိုင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်မှာတော့ သူဌေးဖြစ်သူက လူငယ် ၁၆ ဦးကို တခြားကုမ္ပဏီဘက် တဆင့် ပြန်ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် တရုတ်စကား မတတ်တာကြောင့် တခြားကုမ္ပဏီက ဝယ်မသွားခဲ့ဘူး လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက်မှာလည်း သူတို့ကို တဆင့် ပြန်ရောင်းနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ရောင်းမထွက်တာကြောင့် သူဌေးက ဒေါသဖြစ်ကာ ရောင်းမထွက်ရင် တဦးကို ယွမ် တစ်သောင်း လျော်ကြေးပေးဖို့ ပြောလာပြီး မပေးနိုင်ရင် ကုမ္ပဏီရဲ့ လျို့ဝှက်ထောင်ထဲ ထည့်ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် အသက်အန္တရာယ် ထိတ်လန့် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ချုပ်နှောင်ခံရတဲ့ လူငယ်တွေထဲက ယောက်ျားလေး ၁ ဦးနဲ့ မိန်း ကလေး ၁ ဦးကိုတော့ ရင်းနှီးတဲ့ ဒေသခံ ၁ ဦးက မနေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်က ယွမ်ငွေနဲ့ ရွေးထုတ်သွားတာကြောင့် နှိပ်စက် ပိတ်လှောင် ခံထားရတဲ့ လူငယ် ၁၆ ဦးထဲက ၂ ဦးလွတ်မြောက်သွားပါတယ်။

သူတို့ လုပ်ကိုင်ရတဲ့ အလုပ်က ကျာဖျန်ဆိုတဲ့ လိမ်လည်ရတဲ့ အလုပ်ဖြစ်ပြီး အလုပ်သုံးမျိုး လုပ်ရကာ တလကို အနည်းဆုံး ဒေါ်လာ ၂၀၀ လိမ် ရတာ လို့ ဆိုပါတယ်။

"လိုင်းပေါ်ကနေ ပြီးတော့ လိမ်ပြီးတော့ customer လိမ်ပြီး ရှာပေးရတယ်။ နောက် တခုကျတော့ video call ပြီးတော့ sex chat လုပ်ပေးရတယ်။ နောက်ထပ်တခုကျတော့ အလုပ်ခေါ်တယ် ဘာညာ ဆိုပြီးတော့ လိမ်စားတဲ့ အလုပ်လုပ်ရတာ။" လို့ ပိတ်လှောင်ခံထားရတဲ့ လူငယ် တဦးရဲ့ သူငယ်ချင်း က ပြောပါတယ်။ 

အလုပ်လိမ်လည် ခေါ်ယူတဲ့ အလုပ်က ဖိလစ်ပိုင်နိုင်ငံကို ဦးတည်လုပ်ရပြီး sex chat လုပ်တာကျတော့ တရုတ်နိုင်ငံက တရုတ်လူမျိုးတွေကို အဓိကထား လုပ်ရကာ ဒေါ်လာ လိမ်လည်တာ ကျတော့ ဒူဘိုင်း နိုင်ငံဘက်ကို လိမ်ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ အောက် အရွယ်တွေ ဖြစ်ကြပြီး မိသားစု အခက် အခဲအခဲကြောင့် ကျောင်းနားပြီး အလုပ်ထွက်လုပ်ရာက လိမ်လည်ရတဲ့ အလုပ်မှန်းမသိပဲ စာချုပ်ပါ ချုပ်လိုက်ရာက အခုလို တဆင့် ပြန်ရောင်းစားတာ ခံရတော့မယ့် ဆဲဆဲ ဖြစ်နေတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာ အခန်းထဲ ပိတ်လှောင်ခံ နေရတဲ့ လူငယ်တွေ ပြန်လွတ်မြောက်နိုင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။ 

လက်ရှိမှာတော့ တရုတ် လူမျိုး လုပ်ငန်းရှင်တွေ အဓိက ဦးဆောင် လုပ်ကိုင်နေတဲ့ (ကျာဖျန်) လိမ်လည်တဲ့ ကုမ္ပဏီတွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) မူဆယ်၊ နမ့်ခမ်းနယ်စပ် တလျှောက်နဲ့ လောက်ကိုင်၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲက မြို့‌တွေနဲ့ မြဝတီ နယ်စပ်မှာလည်း အများအပြားရှိကာ မြန်မာလူငယ်တွေသာမက ထိုင်းနဲ့ တခြား အာဆီယံ နိုင်ငံတွေက လူငယ်တွေလည်း ရောင်းစားခံနေရတာပါ။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013