
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတဲ့ ပြည်သူ ၄ ယောက် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တင်းချောင်းရွာ ဒေသခံတယောက်က “ထီးလင်းမြို့နယ် ရွှေအောင်သာ အထိုင်စခန်းကနေ စစ်ကြာင်းထိုးလာတဲ့ စစ်(...)၊ ပျူ(...)တွေဟာ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က တင်းချောင်းရွာနားက တောထဲက တဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားကြပြီး ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ တင်းချောင်းကျေးရွာက ကိုဆန်းဝင်း၊ ကိုဖိုးစိုးကြီး၊ ကိုအောင်အောင်နဲ့ ကိုမျိုးမင်းဆွေတို့ ဖြစ်ကြပြီး ရွှေအောင်သာ တပ်စခန်းဘက်ကို ခေါ်သွားကာ အဲဒီထဲက ကိုဆန်းဝင်းကတော့ ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်း ကြီးကျေးရွာကို ရောက်တဲ့အချိန်မှာ ထွက်ပြေးလာလို့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကျန်နေခဲ့တဲ့ ကိုဖိုးစိုးကြီး၊ ကိုအောင်အောင်နဲ့ ကိုမျိုးမင်းဆွေတို့ ၃ ယောက်ကိုတော့ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက အောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ စခန်းချနေတဲ့အချိန် ပြန်လွှတ်ပေးလိုက်လို့ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်ရှိပြီလို့ ဒေသခံက ပြောပါတယ်။
ထီးလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) ကနေ သိရပါတယ်။
ယောတော်လှန်ရေးတပ် (YRA) ခေါင်းဆောင် သခင်ဇော်က “ထီးလင်းမြို့နယ် ညောင်ဟောင်ရွာဘက်ကို ရွှေအောင်သာရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒီနေ့ ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကျနော်တို့ဘက်က ကင်းထောက်ရဲဘော်တယောက်က အနီးကပ်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတယောက် သေဆုံးခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလိုပစ်ခတ်ပြီးတော့ YRA ရဲဘော်က ထွက်ပြေးလာပြီး အနောက်မှာ အဆင်သင့် လုပ်ထားတဲ့ လက်နက်ကြီးနဲ့ ၇ ချက်လှမ်းပစ်ရာ ၇ ချက်လုံးထိမှန်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အောင်းရွာဘက်ကို ပြန်ဆုတ်ပြေးသွားတယ်လို့ ဆိုပါတယ်။
အောင်းရွာဘက်မှာတော့ စစ်ကောင်စီတပ်ဘက်က ထမ်းစင် ၃ ခု၊ ကျောပိုး ၂ ယောက်နဲ့ ဒဏ်ရာနဲ့တွဲခေါ်သူ ၅ တွဲ တွဲခေါ်သွားတာ တွေ့ရပြီး စစ်ကောင်စီတပ်ဘက်က ၁ ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ကင်းထောက်ရဲဘော်က သတင်းပေးပို့ကြောင်း သခင်ဇော်က ပြောပါတယ်။
အဲဲဒီတိုက်ပွဲနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။