
ပြင်သစ်အစိုးရက နိုင်ငံထဲမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး လူထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ လူနေမှုစရိတ်ကြီးမြင့်ခြင်းဆိုင်ရာအကျပ်အတည်းကို လျှော့ချဖြေရှင်းဖို့ ရည်ရွယ်ပြီး အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေမဲ့ အစီအစဉ်ကို ဇန်နဝါရီလကနေ ဒီဇင်ဘာလဆီ ရွှေ့ပြောင်းပြီး အချိန်စော အကောင်အထည်ဖော်မယ်လို့ နိုဝင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစိုးရက ကျောင်းတွေအတွက် လုံလောက်တဲ့ ရန်ပုံငွေမထောက်ပံ့ပေးလို့ စခဲ့တဲ့ ဆန္ဒပြပွဲတွေ အတော်များများကို အစိုးရက ရင်ဆိုင်ခဲ့ရတာပါ။
ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာ ပိုကျယ်ပြန့်လာခဲ့ပြီး၊ အောက်တိုဘာ ၁၇ ရက်က အဓိကမြို့ကြီးတွေမှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေအထိ ပါဝင်လာခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မမျှော်လင့်ထားဘဲ အဓိကရုဏ်းတွေ ရုတ်တရက် ဖြစ်ပေါ်လာခဲ့တာပါ။ ပုံမှန်အားဖြင့် ပြင်သစ်နိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာကို ငွေကြေးဖောင်းပွမှုနှုန်းနဲ့အညီ ချိန်ညှိဖို့ ဇန်နဝါရီ ၁ ရက်မှာ တိုးမြှင့်လေ့ရှိပေမဲ့ ခုတော့ အစိုးရအနေနဲ့ ဒီဇင်ဘာလမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းတိုးမြှင့် ပေးသွားမယ်လို့ အလုပ်သမားရေးရာဝန်ကြီး ယွန်းပျဲဖှာဟွန်ဒူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ခုလို တိုးလိုက်လို့ အနိမ့်ဆုံးလုပ်ခလစာဟာ ယူရို ၁,၅၀၂ (အမေရိကန်ဒေါ်လာ ၁,၆၇၆) ထိ ရောက်လာမှာ ဖြစ်ပါတယ်။
ဒီပမာဏဟာ လက်ရှိသတ်မှတ်ထားတဲ့ ပမာဏထက် ၂၄ ယူရို ပိုများလာတာလည်း ဖြစ်ပါတယ်။
ဇွန်လမှာ ၃၅ ယူရို တိုးမြှင့်ပေးခဲ့ပြီးတဲ့နောက် အခုထပ်တိုးတာ ဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၅ လအလိုမှာ လူမှုရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး အစိုးရက စိုးရိမ်ပူပန်နေတာပါ။
ရွေးကောက်ပွဲမှာ လက်ယာစွန်းဝါဒီ ခေါင်းဆောင် မာရင်း လွေပန်းက လူထုသဘောထားစစ်တမ်းတွေအရ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
Source: Reuters











