DVB Logo
Home
မြန်မာသတင်း
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲရန် ပြင်ဆင်နေ
DVB
·
December 8, 2022
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲရန် ပြင်ဆင်နေ
Donate to DVB

စစ်ကောင်စီရဲ့ ဖမ်းဆီးခံနေရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲဖို့ပြင်ဆင်နေတယ်လို့ KBC ဒုအထွေထွေအတွင်းရေးမှူး Rev. လဖိုင်ဇော်လက ပြောကြားလိုက်ပါတယ်။

သိက္ခာတော်ရ ခရစ်ယာန်ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရတာနဲ့ ပတ်သတ်ပြီး အသင်းသူအသင်းသားတွေကို အသိပေးပြောကြားတဲ့ ရုပ်သံဖိုင်ကို ဒီဇင်ဘာလ ၇ ရက်နေ့ညက ကချင်ဘာသာနဲ့ ထုတ်ပြန်ပြောကြားခဲ့တာပါ။

ဒီဇင်ဘာလ ၆ ရက်နေ့ညက စစ်ကောင်စီခန့် ကချင်ပြည်နယ် လုံနယ်ဝန်ကြီးက တွေ့ဆုံဖို့ KBC ဌာနချုပ်ကို အကြောင်းကြားလာတဲ့အတွက် KBC ရုံးချုပ်က အမှုဆောင် ၄ ဦး သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံချိန် ကချင်ပြည်နယ် လုံနယ်ဝန်ကြီးက ဒေါက်တာခလမ်ဆမ်ဆွန်ဟောကြားခဲ့တဲ့ တချို့ အကြောင်းအရာတွေကိုပြပြီး အပြစ်ရှိကြောင်း ထောက်ပြခဲ့တယ်လို့ Rev. လဖိုင်ဇော်လက အသင်းသူ အသင်းသားတွေကို ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တရားစွဲဆိုခံရနိုင်ဖွယ်ရှိတဲ့အတွက် ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“လုံနယ်ဝန်ကြီးက တွေ့ဆုံချင်တယ်လို့ အကြောင်းကြားလာတဲ့အတွက် ကျနော်တို့ အသင်းတော်က အမှုဆောင် ၄ ဦး သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီမှာ ဆရာတော် ပြစ်မှုကျူးလွန်ထားတယ်ဆိုတဲ့ ဖိုင်တချို့ကို ပြသပါတယ်။ ဆရာတော်ကို တရားစွဲဆိုသွားမယ်လို့ ကျနော်တို့ သိရပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး သက်ဆိုင်တဲ့သူတွေနဲ့ ချိတ်ဆက်ကာ ဆရာတော်လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်။”

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ရက်နေ့က ဘန်ကောက်မြို့ကို သွားရောက်ဆေးကုဖို့ အသွား မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်းမှာ ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် မရသလို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“လက်ရှိအချိန်ထိတော့ မိသားစုဝင်တွေလည်း အဆက်အသွယ် မရကြသေးပါဘူး။ ဆရာတော်ကို ဘယ်မှာ ဖမ်းဆီးထားလဲ မသိရေသးဘူး။ ၄ ရက်ရှိလာပြီ ဖမ်းဆီးထိန်းသိမ်းထားတာက။ သူတို့က အခုမှ အဲ့ဖိုင်တွေ ပြပြီး ဖမ်းဆီးဖို့လုပ်တာက ကလိမ်ကကျစ်ကျတာပဲ။ သက်သက်မဲ့ ဖမ်းချင်လို့ ဖမ်းတာ လူတိုင်းသိတယ်”

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Global Witness ကလည်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးဖို့ ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာ တောင်းဆိုခဲ့ပါတယ်။

သိက္ခာတော်ဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ရဲ့ အတွင်းရေးမှူးအဖြစ် ၈ နှစ်၊ ဥက္ကဋ္ဌ အဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013