DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ပြောင်းလဲလိုက်သည့် ငွေပေးချေမှုစနစ်ကြောင့် တနင်္သာရီရှိ ရေလုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
December 7, 2022
စစ်ကောင်စီ ပြောင်းလဲလိုက်သည့် ငွေပေးချေမှုစနစ်ကြောင့် တနင်္သာရီရှိ ရေလုပ်ငန်းရှင်များ အခက်ကြုံ
1 / 2
Donate to DVB

တနင်္သာရီတိုင်းအတွင်း မြိတ်ဒေသအပါအဝင် ငါးဖမ်းလှေအများစုဟာ စစ်ကောင်စီရဲ့ ပြောင်းလဲသတ်မှတ်လိုက်တဲ့ ငွေပေးချေမှုစနစ်ကြောင့် ကမ်းဝေးငါးဖမ်းလှေတချို့ တွက်ခြေမကိုက်လို့ လတ်တလော ရပ်နားထားရတဲ့အထိ ဖြစ်နေတယ်လို့ ကမ်းဝေးငါးဖမ်းလှေလုပ်ငန်းရှင် အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

ထားဝယ်၊ မြိတ်၊ ကော့သောင်း စတဲ့ဒေသတွေမှာရှိတဲ့ ‌ရေထွက်ပစ္စည်းတွေကို ထိုင်းနိုင်ငံဆီ အများဆုံး တင်ပို့ရောင်းချနေတာဖြစ်ပြီး အခုလက်ရှိ ငါးဖမ်းလှေတချို့ဟာ နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ ငွေပေးချေမှု ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်ပြီး လုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံ ရေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ပြောင်းလဲလိုက်တဲ့ စနစ်သစ်အရ ရေထွက်ပို့ကုန်ကရတဲ့ငွေကို ထိုင်းဘဏ်ကနေ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားငွေလွှဲခွင့်ရ ဘဏ်ကို လွှဲပြောင်းပေးရာမှာ ၆၅ ရာခိုင်နှုန်းဟာ စစ်ကောင်စီရဲ့ ငွေလွှဲနှုန်းနဲ့ မြန်မာငွေထုတ်ပေးပြီး ၃၅ ရာခိုင်နှုန်းကို ထိုင်းဘတ်နဲ့ ထုတ်ပေးတယ်လို့ သိရပါတယ်။

ဒေသခံ ရေလုပ်ငန်းရှင်တဦးက “အဲဒီလို ငွေပေးချေမှုစနစ် ပြောင်းလဲလိုက်တာဟာ ကျနော်တို့မှာ အရှုံးပေါ်တယ်။ ကျနော်တို့မှာ အခွန်တွေလည်း ဆောင်ရတဲ့အပြင် ဆီဈေးကလည်း အရင်ကထက် နှစ်ဆမြင့်တက်လာတယ်။ အခွန်တွေလည်း တိုးကောက်လာတော့ ပစ္စည်းပို့ခစရိတ်လည်း မြင့်တက်လာတယ်။ ကျနော်တို့လုပ်ငန်းမှာ ဘာမှ ပြန်မကာမိဘူး။ အရှုံးပေါ်လာလို့ ရပ်နားထားရတယ်” လို့ ပြောပါတယ်။

အခုလို ငွေပေးချေမှုစနစ် ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် မြိတ်မြို့မှာရှိတဲ့ ငါးဖမ်းလှေ ၈၀၀ ကျော်လောက်မှာ ၁၀၀ ကျော်လောက် ရပ်နားထားရတယ်လို့ ရေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ထားဝယ်ဒေသခံတဦးက “ကျနော့်အမြင် အထက်ဘက်မှာ တိုက်ပွဲတွေကြောင့် လယ်ယာထွက်ပစ္စည်းတို့ဘက်က အခွန်ငွေ သိပ်မရတော့ ရေလုပ်ငန်းဘက်ကို ပိုပြီး ဖိအားပေးပြီး အခွန်ငွေကောက်ခံတာတွေ လုပ်တယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းဟာ ရေထွက်ပစ္စည်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံကို အများဆုံးတင်ပို့နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013