
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်နေတဲ့ တူဖြစ်သူက ဦးလေးဖြစ်သူကို တုတ်နဲ့ရိုက်ခဲ့တာကြောင့် ဆေးကုသဖို့ ခေါ်ဆောင်သွားတုန်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၃ ရက် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က ပလိုင်းရွာနားက ပလိုင်းကန်ရိုးတော တဲစုတွေမှာ ဖြစ်ပွားခဲ့တာပါ။
တဲချင်းကပ်လျက်နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မူးယစ်ဆေးဝါး သုံးစွဲထားသူ အမျိုးသားဟာ ညောင်စောင်းတန်းလျားပေါ်မှာ အိပ်နေတဲ့ အသက် ၆၀ အရွယ် ဦးလေးဖြစ်သူ ဦးမြင့်နိုင်ကို တုတ်နဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဦးမြင့်နိုင်ဟာ ခေါင်းတခြမ်း ကြေမွဒဏ်ရာ ရရှိခဲ့ပြီး၊ ဆေးခန်းကို ပို့နေတုန်း လမ်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ရိုက်နှက်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားကို ဒေသခံအဖွဲ့အစည်းတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေကိုလည်း ဆက်စပ် လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ပလိုင်းကန်ရိုးတောဟာ စစ်တပ် အထိုင်ချတပ်စွဲထားတဲ့ ပလိုင်းကျေးရွာနဲ့ နီးစပ်တာကြောင့် ဒေသခံပြည်သူအများစုဟာ အဲဒီကန်ရိုးတောထဲမှာ တဲထိုးပြီး လာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။










