
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ဒီရာအစ္စမေးလ်ခန်းမြို့မှာ စက်တင်ဘာ ၂၆ ရက်က ဖြစ်တဲ့ ပေါက်ကွဲမှုတခုကြောင့် လူ ၁၁ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ Rescue 1122 က ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်စပ်အနားက ခီဘာပတ်ရှ်တွန်ခွါပြည်နယ်မှာရှိတဲ့ ဒီရာ အစ္စမေးလ်ခန်းမြို့ဟာ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားလေ့ရှိတဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထပ်ခါတလဲလဲ ခံခဲ့ရပါတယ်။
စနေနေ့က တိုက်ခိုက်မှုအတွက် တာရိခ်အီ တာလီဘန် ပါကစ္စတန်လို့ ခေါ်တဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့က သူတို့လက်ချက်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ ခရိုင်အတွင်းရှိ ဒါရာဇင်ဒါဒေသ အာမန်မေလာမြို့နားမှာ ဖြစ်ခဲ့တာလို့ Rescue 1122 က သတင်းထုတ်ပြန်ထားပါတယ်။
ဒါရာဇင်ဒါစခန်းက ကယ်ဆယ်ရေးအဖွဲ့တွေက ဖြစ်စဉ်နေရာဆီ ရောက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စလုပ်ရင်း ဒဏ်ရာရသူတွေကို ဆေးကုပေးပြီး ဆေးရုံတင်ပေးခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
ပါကစ္စတန် တာလီဘန်တို့ ပါဝင်ပတ်သက်တဲ့ တိုက်ခိုက်မှုတွေအပါအဝင် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ် အတော်များများလည်း အခုလအတွင်း အဲဒီနေရာမှာ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
Source: Reuters










