DVB Logo
Home
မြန်မာသတင်း
ထန်းတပင်ဂိတ်၌ စစ်ကောင်စီတပ်က ကုန်တင်ကားသမားများထံမှ ပိုက်ဆံတောင်းရမ်း၊ မရပါက ဆဲဆိုပါးရိုက်
DVB
·
December 3, 2022
ထန်းတပင်ဂိတ်၌ စစ်ကောင်စီတပ်က ကုန်တင်ကားသမားများထံမှ ပိုက်ဆံတောင်းရမ်း၊ မရပါက ဆဲဆိုပါးရိုက်
Donate to DVB

ရန်ကုန်မြို့အဝင် ထန်းတပင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကုန်ကားမောင်းသူတွေထံက  အဓမ္မပိုက်ဆံတောင်းရမ်းနေသလို  မရပါက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားနေတယ်လို့  ကုန်တင်ကားမောင်းသူတွေဆီက သိရပါတယ်။

ကုန်ကားမောင်းသူတွေဟာ ဧရာဝတီတိုင်းကနေ ဖြတ်လာပြီး ရန်ကုန်မြို့အဝင် ထန်းတပင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းတဲ့အချိန်မှာ ငွေကြေးအဆမတန်ပေးရတယ်လို့ ကန်ကြီးထောင်မြို့က ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

"လိုင်စင်ပါတယ်၊ Wheel Tax ပါတယ်၊ ကိုဗစ်စာရွက်ရော ထောက်ခံစာရောပါတယ်။ မရဘူး ပိုက်ဆံကို မရမက တောင်းတာ၊ အနိမ့်ဆုံး သုံးထောင်ပေးရတယ်။ ပေးရတာပြဿနာမဟုတ်ဘူး၊ ဆဲဆိုတာ ငါနဲ့ကိုင်တုတ်တာ။”

ငွေကြေးမရပါက ကိုယ်ထိလက်ရောက်ကျူးလွန်လာတာအပြင် ဓားနဲ့ထိုးတဲ့အဆင့်ထိပါ စစ်ကောင်စီတပ်က ကျူးလွန်လာလို့ ကုန်ကားမောင်းသူတချို့ အလုပ်မှရပ်နားသွားတယ်လို့ ယာဥ်ပိုင်ရှင်တဦးက ပြောပါတယ်။

"ကျမတို့ကုန်ကားဆိုရင် တညင်းကုန်းကို ကုန်ပစ္စည်းတွေပို့တာ ကုန်တွေကို လှန်လှောကြည့်ပြီး မှန်ကန်နေတာတောင် ပိုက်ဆံမရလို့ ယာဥ်မောင်းကို စစ်သားက ဓားနဲ့ထိုးဖို့လုပ်တာ၊ မနည်းတောင်းပန်လို့ ပါးပဲရိုက်လိုက်တာ။ အခုအိမ်က ယာဥ်မောင်းဆို ထန်းတပင်ဂိတ်ကိုကြောက်ပြီး အလုပ်နားသွားပြီ။" 

ဘုရင့်နောင်ပွဲရုံ ကုန်သွားပို့ရာမှာ  ကုန်ပစ္စည်းတွေကို ဖွင့်ပြရပြီး ဥပဒေနဲ့အညီ လုပ်ကိုင်နေတဲ့ ကုန်ကားမောင်းသူတွေဆီကလည်း စစ်ကောင်စီတပ်နဲ့ရဲက ပိုက်ဆံကို လှည့်ပတ်တောင်းရမ်းတယ်လို့ ညောင်တုန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

"စစ်ဆေးတာမှန်နေရင်တောင် စစ် (--) တွေက မရဘူး၊ ဖုန်းကိုယူပြီး စစ်တယ်၊ သတင်းဌာနတွေက သတင်းတွေကို ရှဲလ်ထားရင် ပါးခေါ်ရိုက်တယ်။  ပိုက်ဆံသိန်းနဲ့ချီ တောင်းတယ်။”

ဒီလိုစစ်ကောင်စီတပ်က ပြုမူတာတွေကို အရပ်သားပြည်သူတွေအပြင် စစ်မှုထမ်းဟောင်းတွေလည်း ခံနေရတာလို့ အငြိမ်းစားတပ်ကြပ်ကြီးတဦးက ပြောပါတယ်။

"ယူနီဖောင်းဝတ်ထားပြီး ရှက်ဖို့ကောင်းတယ်။ သူတောင်းစားပုံစံဖြစ်နေပြီ၊ စစ်တပ်က တိုင်လည်း အလကားပဲ၊ လက်ရှိမှာ သူကတာဝန်နဲ့ ကိုယ်ကတာဝန်မဲ့နေတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးရေးယူရတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိမ်တွေ ခြံတွေ ဝယ်နိုင်ပြီး ကုန်ကားမောင်းနှင်သူတွေကတော့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေ အများကြီးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013