DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ခြွင်းချက်ဖြင့် ၁ နှစ်ထပ်တိုးသည့်အပေါ် မွေးမြူရေးလုပ်ငန်းရှင်များ တုံ့ပြန်
DVB
·
December 2, 2022
ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ခြွင်းချက်ဖြင့် ၁ နှစ်ထပ်တိုးသည့်အပေါ် မွေးမြူရေးလုပ်ငန်းရှင်များ တုံ့ပြန်
Donate to DVB

ကိုဗစ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့်ကာလကို  ခြွင်းချက်ထားပြီး အချိန် ၁ နှစ်ထပ်မံ တိုးပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့အပေါ် ပြောပလောက်တဲ့ ပြောင်းလဲမှု မရှိပါဘူးလို့ တနိုင်တပိုင်လုပ်နေတဲ့ မွေးမြူရေး လုပ်ငန်းရှင်တွေက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

အရပ်သား ဒီမိုကရေစီအစိုးရ(NLD)လက်ထက်မှာ ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ လုပ်ငန်းတွေ နာလန်ပြန်ထူနိုင်ဖို့အတွက် နိုင်ငံတော်ဘဏ္ဍာထဲက ကိုဗစ်ရန်ပုံငွေတရပ်ကို ထူထောင်ခဲ့ပြီး ကိုဗစ်ကုစားရေးလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့တာပါ။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ ဒီကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အဆိုပါကော်မတီက မွေးမြူကဏ္ဍမှ လုပ်ငန်းပေါင်း ၃၂၅ ခုအတွက် ကိုဗစ်ချေးငွေ ကျပ် ၇ ဒသမ ၆ ဘီလီယံ ထုတ်ချေးခဲ့ပြီး အတိုးနှုန်းက ၁ ရာခိုင်နှုန်းနဲ့ အချိန် ၁ နှစ် သတ်မှတ်ကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က စတင်ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ချေးငွေ သက်တမ်းကုန်ဆုံးပြီး ပြန်ဆပ်ကာလကို မကြာခင် ရောက်ရှိတော့မှာဖြစ်လို့ ချေးငွေယူထားတဲ့ မွေးမြူရေးလုပ်ငန်းတွေထဲက အဆိုပါချေးငွေနဲ့ လုပ်ငန်း ထိရောက်အောင် ဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေနဲ့ အတိုးပေးသွင်းတဲ့ လုပ်ငန်းရှင်တွေကိုသာ စစ်ကောင်စီက ခြွင်းချက်ထားပြီး ပြန်ဆပ်ရမည့် ကာလကို အချိန် ၁ နှစ် ထပ်မံတိုးပေးထား တာပါ။

စစ်ကောင်စီက အခုလို ခြွင်းချက်ထားပြီး အချိန် ၁ နှစ် ထပ်မံတိုးပေးလိုက်တာဟာ မွေးမြူရေးကဏ္ဍအပေါ် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်တဦးက “ဘာမှတော့ ပြောင်းလဲသွားစရာ မရှိပါဘူး။ သူတို့ အချိန်ထပ်တိုးပေးလိုက်တော့လည်း ကောင်းတာပဲလေ။ ကျနော်ကတော့ ချေးငွေကို လျှောက်လည်း မလျှောက်ဘူး။ ယူလည်း မယူဘူး။ ဒါပေမဲ့ ချေးငွေယူထားတဲ့ သူတွေအတွက်တော့ အဆင်ပြေတာပေါ့။ ဒီလောက်ပါပဲ။ ကျနော်တို့ကတော့ ဒီမှာ အစာဈေးနှုန်းနဲ့ ကုန်ကြမ်းဈေးနှုန်းတွေ တက်သွားတဲ့ဒဏ်တော့ ခံနေရတယ်။ ကျနော်တို့ အလုပ်တွေကလည်း ဒီလိုပါပဲ၊ ပုံမှန်လေးပဲ သွားနေရတာပေါ့။ အခုဆိုရင် လျှပ်စစ်မီးမမှန်တဲ့ အခက်အခဲတွေပါ ထပ်တွေ့နေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ချေးငွေယူထားတဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေကို ပြန်ဆပ်ရမယ့်ကာလ အချိန် ၁ နှစ် ထပ်ဆောင်းတိုးပေးလိုက်တဲ့အပေါ် ချေးငွေစစစ်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်က လုပ်ငန်းရှင်တဦးကလည်း အခုလို မှတ်ချက်ပေး ပါတယ်။

“အဲဒီတုန်းကတော့ အဖွဲ့ချုပ်အနေနဲ့ တင်ပြလာတဲ့ အချက်အလက်တွေကို မှန်၊ မမှန် စစ်ပေးတဲ့ သဘောပါပဲ။ ကျနော်တို့က ချေးတဲ့သူတော့ မဟုတ်ပါဘူး။ ချေးငွေလာလျှောက်တဲ့သူတွေထဲမှာ မွေးမြူရေးသမား ဟုတ်၊ မဟုတ် စစ်ဆေးပေးပြီး ထောက်ခံပေးလိုက်တာပါ။ ဘာပဲပြောပြော မွေးမြူရေးသမားတွေက ဒီအချိန်မှာ အခက်အခဲ ဖြစ်နေကြတာလေ။ ဆိုတော့ ချေးငွေပြန်ဆပ်ရမယ့် ကာလကို အခုလို ၁ နှစ် ထပ်တိုးပေးလိုက်တဲ့အတွက် ဘာပဲပြောပြော အကျပ်အတည်း တခုကနေ နည်းနည်း ချောင်လည်သွားမလားပေါ့နော်။ ပြီးတော့ သူတို့အတွက်လည်း လုပ်ရတာ အချိန်နည်းနည်းတော့ ပြန်ရသွားစေမယ် ထင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ကုစားရေးလုပ်ငန်းကော်မတီက ချေးငွေအား အတိုးနဲ့အရင်း ပြန်ပေးဆပ်ဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ၊လုပ်ငန်းတွေကို ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ တရားမကြောင်းအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သတိပေးထားတဲ့အပြင် ခွင့်ပြုထားတဲ့ ကာလအတွင်းမှာ ချေးငွေအား အကြေပေးဆပ်ရမယ်လို့ ဖိအားပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013