DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခ ပြင်ဆင်မည်ဟု စစ်ကောင်စီဝန်ကြီး ပြောသည့်အပေါ် အလုပ်သမားသမဂ္ဂများ သံသယရှိ
DVB
·
November 29, 2022
အနိမ့်ဆုံးလုပ်ခ ပြင်ဆင်မည်ဟု စစ်ကောင်စီဝန်ကြီး ပြောသည့်အပေါ် အလုပ်သမားသမဂ္ဂများ သံသယရှိ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးက အနိမ့်ဆုံးလုပ်ခလစာကို ပြင်ဆင်မယ်လို့ ပြောဆိုလာတာကြောင့် စေတနာ အမှန် သဘောရိုးနဲ့ ဖြစ်ဖို့ လိုတယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်တွေက ထောက်ပြပြောဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက နိုဝင်ဘာ ၂၅ ရက်နေ့ အလုပ်သမား ဝန်ကြီးဌာနရဲ့ ခြောက်လပတ် အစည်းအဝေးမှာ အနိမ့်ဆုံးအခကြေးငွေနှုန်းထားကို ပြင်ဆင်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးတွေ များစွာ ချိုးဖောက်ခံနေရတာကို မျက်ကွယ် ပြုခဲ့တဲ့ စစ်ကောင်စီက အခုအချိန်မှာ အနိမ့်ဆုံးလုပ်ခလစာကို ပြင်ဆင်မယ်လို့ ပြောဆိုလာတာဟာ စေတနာ အမှန် သဘောရိုးနဲ့ ဖြစ်ပါ့မလား လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက သံသယ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းသမဂ္ဂခေါင်းဆောင်တဦးက “အနိမ့်ဆုံးလုပ်ခလစာကို ပြင်ဆင်တဲ့နေရာမှာ ပြင်နိုင်တဲ့ နည်းတွေနဲ့ မသုံးပဲ အာဏာနဲ့ အတင်းအကျပ် လုပ်ပြီး ပြင်ဆင်တာမျိုး မဖြစ်ဖို့ လိုပါတယ်။ ပြီးတော့ အလုပ်သမားတွေဘက်က အနိမ့်ဆုံးလုပ်ခလစာ တရက် ကျပ်တသောင်းနှုန်း ပြင်ဆင်ပေးဖို့ တောင်းဆိုထားတာ ရှိတယ်။ ဒါကြောင့် အလုပ်သမားတွေ တောင်းဆိုထားတာမျိုး မဟုတ်ဘဲနဲ့ မဆိုစလောက် ပြောင်းလဲပြီးတော့ နာမည်ကောင်း ဝင်ယူတာမျိုး မဖြစ်ဖို့လဲ လိုပါတယ်။ သဘောရိုး စေတနာ အမှန်နဲ့ ပြင်မယ်။ အလုပ်သမားတွေ တောင်းဆိုတဲ့ ပမာဏနဲ့ ပြင်ဆင်မယ်ဆိုရင် ကျမတို့ သမဂ္ဂအဖွဲ့တွေအနေနဲ့ လက်ခံပါတယ်။ ဒါပေမဲ့ တဖက်မှာ ချိုးဖောက်ခံထားတာတွေ အများကြီး ရှိတယ်။ ဥပမာ အလုပ်သ မား သမဂ္ဂတွေ ဖွဲ့စည်းခွင့် မပေးတာ။ အဖမ်း ခံရတာ။ သမဂ္ဂနဲ့ပတ်သတ်ပြီး အများကြီးပဲနော် သူတို့ ချိုးဖောက်ထားတာ တွေ။ ဆိုတော့ ပြောချင်တာက သဘောရိုးနဲ့လုပ်တာ မဟုတ်ပဲ တခုခုကို ပုန်းကွယ်ချင်လို့ လုပ်တာ ဆိုရင်တော့ ကျမတို့ သမဂ္ဂတွေအနေနဲ့က ဆက်ပြီးတော့ ပြောနေဦးမှာပဲ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားတွေ လက်ရှိ ရရှိနေတဲ့ အနိမ့်ဆုံးအခကြေးငွေဟာ တရက်ကို ကျပ် ၄၈၀၀ နှုန်းဖြစ်ပြီး အဆိုပါ နှုန်းထားက အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့တာပါ။ ဒါ့အပြင် ဥပဒေပါပြဋ္ဌာန်းချက်အရ အနိမ့်ဆုံးလုပ်ခလစာကို ၂ နှစ် လျှင် တကြိမ် ခေတ်နဲ့လျှော်ညီစွာ ပြင်ဆင်ခွင့် ပြုထားပါတယ်။

ဒါပေမဲ့ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်မှု ရှိခဲ့တဲ့အတွက် အနိမ့်ဆုံးလုပ်ခလစာကို ပြင်ဆင်ရေးကို ယာယီရွှေ့ဆိုင်းပေးဖို့ လုပ်ငန်းရှင်တွေက တောင်းဆိုခဲ့တာကြောင့် ပြင်ဆင်နိုင်မှု မရှိခဲ့ပါဘူး။ ဒီနောက် စစ်တပ်က အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ကုန်ဈေးနှုန်းကြီးမြှင့်မှုနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု တွေသာ ဆိုးဝါးလို့ လာပါတော့တယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ သမဂ္ဂခေါင်းဆောင်တဦးက “ကျနော်တို့ တောင်းဆိုထားတာက တနေ့ကို ကျပ် တသောင်းနှုန်းပါ။  ဘာလို့လဲဆို အပြင်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား တယောက်ဆိုရင်လည်း ဒီနှုန်းပဲနော်။ အခု အပြင်မှာ အလုပ်ကြမ်းလုပ်ဖို့ ခေါ်ကြည့်ပါ။ ကျပ် တသောင်း ပေးနိုင်မှ အဆင်ပြေတာ။ ဒီမှာက မြန်မာငွေ တန်ဖိုးက ကျနေ တဲ့အတွက် အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ ဈေးနှုန်းတွေ အပြင် နေထိုင်စရိတ်တွေကလည်း တက်နေတာလေ။ အဲဒီလို ကာလမျိုးမှာ အလုပ်သမားတွေက ၄၈၀၀ ကျပ် နဲ့ ဘယ်လိုမျှ ရပ်တည် မနေနိုင်ဘူး”လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လူသိများ နာမည်ကြီးတဲ့ Brand အမှတ်တံဆိပ်ကုမ္ပဏီတွေဆီက လူမှုဖူလုံကြေး ထောက်ပံ့ပေးဖို့လည်း အလုပ်သမားအဖွဲ့တွေက တိုက်တွန်း တောင်းဆိုပါတယ်။ 

သမဂ္ဂခေါင်းဆောင်တဦးက “ဒီကာလမှာ စစ်ကောင်စီက အနိမ့်ဆုံးလုပ်ခလစာ ပြောင်းလဲပေးတာကို မလိုချင်ဘူး။ Brand တွေဆီက လူမှုဖူလုံကြေးဆိုပြီး အလုပ်သမား တယောက်ကို ဒေါ်လာ ၅၀ ဒါမှမဟုတ် ၁၀၀ ပေးတာမျိုးပဲ လိုချင်တယ်။ သူတို့အနေနဲ့ ဒီပမာဏကို ပေးနိုင်တယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ Brand တွေကလဲ တာဝန်ယူမှု တာဝန်ခံမှု ရှိမနေဘူးနော်။ ဒါကြောင့် ကျနော်တို့ မြင်တာက စစ်ကောင်စီက သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ အလုပ်သမားတွေကို အာရုံပြောင်းချင်လို့ လုပ်တာလဲ ဖြစ်နိုင်တယ်နော်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ အလုပ်သမားတွေဟာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ရာ စက်ရုံပိုင်ရှင်က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေကို အလုပ်က ဖြုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အလားတူ ဖြစ်စဉ်မျိုးကို လုပ်ငန်းရှင်တွေက ကျူးလွန်နေပေမဲ့ ဥပဒေအရ အရေးယူနိုင်စွမ်း မရှိတာကြောင့် အလုပ်သမားတွေဟာ နင်းပြားဘဝနဲ့ အသက်ဆက်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013