DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံ၏အရေးပါမှုကို အင်ဒိုနီးရှား ပြသလို
DVB
·
November 28, 2022
မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံ၏အရေးပါမှုကို အင်ဒိုနီးရှား ပြသလို
Donate to DVB

အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံမှာ ကာလအတော်ကြာအောင် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အာဆီယံက ဖြေရှင်းနိုင်ခြင်းမရှိသေးပေမယ့် ၂၀၂၃ ခုနှစ်မှာအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် အင်ဒိုနီးရှားကတော့ အာဆီယံရဲ့ အရေးပါမှုကို ပြသလိုနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက “ကမ္ဘာ့အခြေအနေတွေကလည်း ပြောင်းလဲကောင်းမွန်လာခြင်းမရှိသလို ကိုယ့်ရဲ့ ဒေသတွင်းမှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေက အာဆီယံအတွက် စိန်ခေါ်မှုဖြစ်နေတဲ့အချိန်မှာ ကျမတို့က အာဆီယံ ဥက္ကဋ္ဌနေရာကို လက်ခံရမှာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေတွေရှိတာကြောင့် အင်ဒိုနီးရှားအနေနဲ့ အာဆီယံရဲ့ အရေးပါမှုကို ပြသလိုပါတယ်” လို့ စနေ့နေ့မှာ ပြောလိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အင်ဒိုပစိဖိတ်ဒေသအတွင်းကနိုင်ငံတွေနဲ့ တမ္ဘာလုံးကို အာဆီယံရဲ့ ပါဝင်ဆက်စပ် စွမ်းဆောင်နိုင်မှုကို ပြသလိုတာဟာ ၂၀၂၃ ခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကဆောင်ရွက်လိုတဲ့ တခုတည်းသောကိစ္စတော့ မဟုတ်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် JakartaGlobe သတင်းက ရေးပါတယ်။

အင်ဒိုနီးရှားဝန်ကြီးရဲ့ ပြောစကားအရ အရှေ့တောင်အာရှဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အချက်အချာဒေသအဖြစ်လည်း ဆက်လက်တည်ရှိနေအောင် ဆောင်ရွက်လိုတယ်လို့ ဆိုပါတယ်။

ရတ်နိုမာဆူဒီက“စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ အာဆီယံရဲ့ မူလရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် အင်ဒိုနီးရှားက ဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်မှာ အာဆီယံရဲ့အရေးပါမှု၊ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အချက်အချာဒေသဖြစ်မှုတွေကို ပိုမိုခိုင်မာလာအောင် ဆောင်ရွက်သွားမှာပါ။ အင်ဒိုနီးရှားအနေနဲ့ လာမယ့်နှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ နေရာကိုဆက်ခံနိုင်ပြီး ကျန်ရှိနေသေးတဲ့ဒီနှစ်ရဲ့ G20 ဥက္ကဋ္ဌ နေရာမှာလည်း ဆက်လက်တာဝန်ယူသွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ 

အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့အခါ မြန်မာ့အရေးအပေါ်ဘယ်လိုကိုင်တွယ်မလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြမှာ အသေအချာပဲဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်နေချိန် ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခတွေ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကိုဖြေရှင်းရမယ့် စိန်ခေါ်မှုတွေကို ဘရူနိုင်းကနေတဆင့် ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားက ဆက်လက်တာဝန်ယူခဲ့ရပြီး အခုဆိုရင် အင်ဒိုနီးရှားက ဆက်လက်တာဝန်ယူ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရှေ့ကဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ နှစ်နိုင်ငံက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို အင်ဒိုနီးရှားက ဆက်လက်ဆောင်ရွက်သွားမယ်လို့  အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံဆိုင်ရာအမြဲတန်းကိုယ်စားလှယ်ဒယ်ရီအေမင်က ပြောပါတယ်။

အဲဒီလုပ်ငန်းစဉ်တွေထဲမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးတွေ့ဆုံပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ရေးဆိုတဲ့အချက်ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း မြန်မာနိုင်ငံက လက်ခံလိုက်နာဆောင်ရွက်ရေး ပါဝင်တယ်လို့ဆိုပါတယ်။

အာဆီယံကို အင်ဒိုနီးရှားဦးဆောင်တဲ့အချိန်မှာ အဲဒီသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံက မလိုက်နာရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းရာမှာတော့ “အဲဒီအချိန်ကျရင် ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့အရေးအတွက် တရားဝင်သေးလားဆိုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြန်လည်ဆွေးနွေးဖို့လိုပါလိမ့်မယ်။ ဒါပေမဲ့ အခုချိန်အထိတော့ အဲဒီ သဘာတူညီချက် ၅ ရပ်ဟာ လုံလောက်တယ်လို့ ယုံကြည်ပါတယ်။” လို့ ဒယ်ရီအေမင်ကပြောပါတယ်။

သဘောတူညီချက် ၅ ရပ်ထဲမှာ မြန်မာ့အရေးအတွက် အာဆီယံရဲ့ အထူးကိုယ်စားလှယ်က စေ့စပ်ညှိနှိုင်းရမယ့်ဆိုတဲ့ အချက်ပါဝင်ပြီး ရှေ့မှာဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံကတော့ သူတို့ရဲ့ထိပ်တန်းနိုင်ငံရေး ကိုယ်စားလှယ်တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကိုပဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။

အင်ဒိုနီးရှားကတော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘယ်သူဖြစ်လာမယ်ဆိုတာ မသိသေးဘူးလို့ ဒယ်ရီကပြောခဲ့ကြောင်း Jakarta Globe သတင်းမှာဖော်ပြထားပါတယ်။

Ref-Jakarta Globe

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013