DVB Logo
Home
Lead Story
မြန်မာပြည်သူ သန်း‌ပေါင်းများစွာ ပေးဆပ်ထုဆစ်နေရတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဒီမိုကရေစီ 
DVB
·
November 26, 2022
မြန်မာပြည်သူ သန်း‌ပေါင်းများစွာ ပေးဆပ်ထုဆစ်နေရတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဒီမိုကရေစီ 
Donate to DVB

မြန်မာပြည်သူလူထုရဲ့ စစ်အခွင့်ထူးခံ အာဏာရှင်စနစ်ဆိုးကို အကြွင်းမဲ့ဖျက်သိမ်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သစ်ကို တည်ဆောက်လိုတဲ့စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေဟာ မယိမ်းမယိုင် ခိုင်မာသထက် ခိုင်မာလာတာကို ရက်စက်အကြမ်းကြုတ်ဆုံး နည်းလမ်းတွေနဲ့ ဖိနှိပ်‌နေတဲ့ အာဏာလု တရားမဝင် စစ်အကြမ်းဖက်ကောင်စီကို ရက်ပေါင်း ၆၅၀ ကျော် ၂၂ လနီးပါးတိုင်ခဲ့ပေမဲ့ ဘက်ပေါင်းစုံကနေ ပိုမိုပြင်းထန်စွာ ဆန့်ကျင်နေကြတဲ့ လှုပ်ရှားမှုတွေက သက်သေခံနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာလုယူချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားချိပ်ပိတ်သိမ်းဆည်းခြင်း ခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်းရှိပြီး ကျဆုံးခဲ့ရတဲ့ပြည်သူ စုစုပေါင်းမှာ ၂,၅၁၉ ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၂,၉၆၂ ဦး၊ အဲ့ဒီထဲမှာ ၁,၆၁၄ ဦးက ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

တကယ်တော့ မြန်မာပြည်သူတွေဟာ ဘယ်သောအခါမှ သူတို့အပေါ် ညှာတာလေ့မရှိခဲ့တဲ့ အလွန်အမင်း ကြမ်းကြုတ်ရက်စက်လှတဲ့ မိစ္ဆာစစ်ဘီလူးများနဲ့ ၁၉၆၂ ခုနှစ်ကတည်းက ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

စစ်ဘီလူးတွေဟာ သူတို့အာဏာနဲ့ အခွင့်ထူးခံခွင့်ကို ထိပါးလာရင် ကလေးလူကြီး၊ ယောက်ျား၊ မိန်းမ၊ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်၊ တိုင်းရင်းသား ဘယ်သူ့ကိုမှ ချမ်းသာပေးလေ့ မရှိခဲ့ပါဘူး။ သူတို့အကျိုးစီးပွား ထိခိုက်မယ်ဆိုရင် သူတို့အချင်းချင်းသာမက သူတို့မိသားစုဝင် ညီအစ်ကိုအချင်းချင်းတောင် သတ်ဖြတ်ရှင်းလင်းတဲ့ တိရစ္ဆာန်ထက်ဆိုးတဲ့ မကောင်းဆိုးဝါးတွေ ဖြစ်ကြပါတယ်။

တိုင်းတပါးသား နယ်ချဲ့ဗြိတိသျှ ကိုလိုနီအစိုးရကတောင် သပိတ်မှောက်ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ရိုက်၊ ဖမ်းဆီးထောင်ချပေမဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျည်အစစ်ပါတဲ့ သေနတ်တွေနဲ့ မပစ်ခဲ့သလို ဖမ်းဆီးမိရင်လည်း အခု စစ်အမျိုးယုတ်တွေလို သေသည်အထိ ရိုက်နှက်ညှဉ်းပန်းပြီး လူ့ဂုဏ်သိက္ခာကို မနင်းချေ မစော်ကားကြသလို လူသားကျင့်ဝတ်စည်းကို စောင့်ထိန်းကြပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ်ကျောင်းသားဆန္ဒပြပွဲအတွင်းမှာ ကျောင်းသားတွေကို အာဏာရှင်‌နေဝင်း သစ္စာခံစစ်တပ်က ကျောင်းဝင်းအတွင်း မောင်းပြန်ကာဘိုင်သေနတ်တွေ၊ စက်သေနတ်တွေနဲ့ သွေးချောင်းစီးအောင် ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ကျောင်းသားတွေ ရာနဲ့ချီ သေဆုံးဒဏ်ရာရခဲ့ရသလို နောက်တရက် ဇူလိုင် ၈ ရက် မနက်အစောကြီးမှာပဲ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုပါ ဒိုင်းနမိုက်နဲ့ ဗုံးခွဲဖျက်ဆီးခဲ့ကြပါတယ်။

အဲ့ဒီကနေစပြီး အသိဉာဏ်နိမ့်ကျရုံသာမက လူစိတ်ပျောက်ခဲ့တဲ့ ဖက်ဆစ်စစ်တပ်ဟာ လက်ရဲဇက်ရဲနဲ့ ခေတ်အဆက်ဆက်မှာ ကျောင်းသားပြည်သူ ရဟန်းရှင်လူထုကို သတ်ဖြတ်အနိုင်ကျင့်လာခဲ့ကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနဲ့ အမှန်တရားအတွက် အသက်နဲ့ ဘဝတွေကို ပဓာနမထားဘဲ ရဲဝံ့သတ္တိရှိစွာ အဓမ္မဝါဒီ စစ်အခွင့်ထူးခံတွေကို ဆန့်ကျင်တွန်းလှန်ခဲ့ကြရင်း ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့ ပေးဆပ်ခဲ့ကြပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ကမ္ဘာကျော် ၈၈၈၈ ချီတက်ဆန္ဒပြပွဲမှာ ဝင်ရောက်ဆင်နွှဲခဲ့ပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အခင်းဖြစ်ရပ်မှ ဆေးရုံမှာ ကုသမှုခံယူနေစဉ် ကြည့်မြင်တိုင်မြို့ ပန်းပင်ကြီးလမ်းမှာ နေထိုင်ခဲ့သူ မဝင်းမော်ဦးဟာ အသက် ၁၆ နှစ်အရွယ်နဲ့ ကျဆုံးခဲ့ရပါတယ်။

စစ်တပ်မှပစ်ခတ်မှုနဲ့ပတ်သက်လို့ သူ့မိဘများရဲ့ ပြောဆိုချက်အရ အဲ့ဒီတုံးက ဒူးအောက်ပိုင်းကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သူမရဲ့ ဘယ်ခြေသလုံးနှင့် နောက်တကြိမ်ပစ်ခတ်မှုတွင် ဘယ်ပေါင်သို့ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒူးကိုထိမှန်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို ကိုင်ဆောင်ရင်း ခွေကျသွားခဲ့တယ်လို့ ဆိုပါတယ်။

သူနဲ့အတူ ချီတက်ခဲ့တဲ့ သူငယ်ချင်း‌တွေရဲ့ ပြောဆိုချက်အရ မဝင်းမော်ဦးကို သေနတ်ပစ်ခံရခြင်းမှ ရှောင်ကြဉ်နိုင်ဖို့ ဝပ်ခိုင်း‌ပေမဲ့လည်း သူ ကိုင်ဆောင်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို မြေဝယ်မကျစေချင်လိုခြင်းနဲ့ ဗိုလ်ချုပ်ပုံကျလျှင် အဖွဲ့ပါကျမည်ဟုဆိုကာ မဝပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ပြည်သူသတ်စစ်တပ်က နောက်တကြိမ်ထပ်ပစ်ချိန်မှာ ညာလက်မောင်းက‌နေ ရင်ထဲသို့ သေနတ်ထပ်မံ ထိမှန်ခဲ့ရဝာာ ဖြစ်ပါတယ်။ သူ မသေခင် သူ့မိသားစုကို ဒီမိုကရေစီရမှ သူ့အတွက် အမျှအတန်းပေးဝေဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှာ မြန်မာနိုင်ငံတနံတလျား မြို့ရွာအားလုံးက ပြည်သူ သောင်းချီ အသက်ပေးဆပ် စွန့်လွှတ်ပြီး ပြည်သူ့အာဏာ ပြည်သူ့ထံကဆင်းသက်ပြီး ပြည်သူ့ထံမှာသာ တည်နိုင်မယ့် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ကို ထုဆစ်ခဲ့ကြပါတယ်။

စစ်ဖိနပ်အောက်က အမှောင်ခေတ် နှစ်ပေါင်း ၆၀ အတွင်း တိုင်းရင်းသား ရဟန်းရှင်လူ မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေဟာ ဘယ်သောအခါမှ အချည်းအနှီး ဖြစ်မသွားပါဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ စစ်မက်ကင်းတဲ့ ငြိမ်းချမ်းသာယာရေး စစ်အာဏာရှင်တော်လှန်ရေး တပ်ဦးအလံကို လက်ဆင့်ကမ်းရင်း အခုဆို စစ်အခွင့်ထူးခံစနစ်ဆိုး ချုပ်ငြိမ်းပျက်သုဥ်းဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါဟာ အသက်ဘဝတွေ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ အာဇာနည်ပြည်သူ အသိန်းအသောင်းရဲ့ ကြိုးပမ်းမှုရလဒ်ဖြစ်တာမို့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဒီမိုကရေစီအသီးအပွင့်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။ ကိုယ်ကျင့်သီလကောင်းနဲ့ ဆင်ခြင်တုံတရား ဉာဏ်ပညာဦးစီးပြီး လောကပါလတရား၊ ဗြဟ္မစိုရ်တရား ၄ ပါး ထွန်းကားမယ့် တခြားနိုင်ငံတွေထက် ပိုမိုကောင်းမွန်မယ့် ဖက်ဒရယ်ပြည်‌ထောင်စု ဒီမိုကရေစီနိုင်ငံသစ်ကို မလွှဲမသွေ တည်ဆောက်ထွန်းကားလာစေမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကမ္ဘာ့အဆင့်နဲ့ မှတ်ကျောက်တင်လောက်တဲ့ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်မှုကို အခြေခံပြီး ကျမတို့တတွေရဲ့ ဘုံမျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ရမှာပါ” လို့ မှတ်သားထိုက်တဲ့စကားကို ဆိုခဲ့တာမဟုတ်ပါလား။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013