DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာပ ရပ်ကွက် ၅ ခုက လူနေအိမ်များ အဓမ္မဖယ်ရှားရန် စစ်ကောင်စီ စီစ‌ဉ်နေ
DVB
·
November 25, 2022
မြောက်ဥက္ကလာပ ရပ်ကွက် ၅ ခုက လူနေအိမ်များ အဓမ္မဖယ်ရှားရန် စစ်ကောင်စီ စီစ‌ဉ်နေ
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ၁ ရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံး အပါအဝင် ဆွမ်းလောင်းဓမ္မာရုံတွေနဲ့ လူနေဆိုင်ခန်းတွေကို လာမယ့် ဒီဇင်ဘာလအတွင်း အပြီးဖျက်သိမ်းဖယ်ရှားပေးဖို့ စစ်ကောင်စီဘက်က သတိပေးကြေညာထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ဖယ်ရှားခိုင်းနေတဲ့ လူနေအိမ်တွေက ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ကျောက်ရေတွင်းရပ်ကွက်၊ တံတားကြီးရပ်ကွက်နဲ့ ပုရွက်ဆိတ်ကုန်းရပ်ကွက်တွေ ဖြစ်ပြီး အများစုက မီးရထားနယ်နမိတ် ဧရိယာထဲကလို့ သိရပါတယ်။

ရပ်ကွက်နေသူတဦးက “တံတားကလေးနားက အိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ ဆွမ်းချက်ရုံတွေကို  သူတို့က ဖျက်ခိုင်းတာ။ မီးရထားလမ်းနဲ့ နီးလို့လို့ ပြောတယ်။ ဒီဇင်ဘာလအတွင်း ဖျက်ရမှာ။ မယ်လမုဘုရား ချောင်းအနောက်က အိမ်တွေလည်း ပါတယ်” လို့ ပြောပါတယ်။

မီးရထားဝန်ထမ်းတဦးက “မြောက်ဥက္ကလာပမြို့နယ်တလျှောက် မီးရထားဘူတာ ၅ ခုရှိနေပြီး မြောက်ဥက္ကလာထဲ မီးရထားလမ်း ထိစပ်နယ်မြေ အနောက်ဘက်ကို ပေ ၅၀၊ အရှေ့ဘက်ကို ပေ ၁၀၀ အထိ ဖျက်ရမှာပါ” လို့ ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ မုဒိတာလမ်းမှာရှိတဲ့ မယ်လမုချောင်းဘေးက လူနေအိမ် ၂၅၀ ကျော် အပါအဝင် အ.မ.က ၂၇ ရှေ့က ဆိုင်ခန်းတွေကို ဒီဇင်ဘာ ၈ ရက်နေ့ နောက်ဆုံး ဖျက်သိမ်းပေးဖို့လည်း ၂ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ လာရောက် သတိပေးသွားတယ်လို့ တံတားကြီးရပ်ကွက်နေသူတဦးက ပြောပါတယ်။

“တံတားကြီးထဲက ရထားလမ်းနဲ့ကပ်နေတဲ့အိမ်တွေ ပါတယ်။ ပုရွက်ဆိတ်ကုန်း ဘူတာနားမှာ အိမ်ခြေတော်တော်များတယ်။ ပေတိုင်းသွားပါတယ်။”

ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ ရွာဦးလမ်းမကြီး မီးရထားလမ်းဟောင်းပေါ်မှာ နေထိုင်နေကြတဲ့ လူနေအိမ်ခြေ ၃၀၀ ကျော်နဲ့ ရပ်ကွက်ဓမ္မာရုံကို ဖျက်သိမ်းဖယ်ရှားဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ပုရွက်ဆိတ်ကုန်းရပ်ကွက်က အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “အဲဒီနေရာက ‌အရင်လူတွေ လက်ဆင့်ကမ်း ရောင်းစားသွားကြတဲ့နေရာ အိမ်ခြေ တော်တော်များတယ်။ စာတော့ မကျလာသေးဘူး၊ ဧည့်စာရင်းစစ်တုန်းက တပ်က ဖျက်ဖို့ပဲ ပြောသွားတာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ ၂၀၂၁ ခုနှစ်အတွင်း လှိုင်သာယာမြို့နယ်က လူနေအိမ်တွေ အင်အားသုံး ဖယ်ရှားခံခဲ့ရပြီး ၂၀၂၂ ခုနှစ် မေလမှာ ရွှေပြည်သာမြို့နယ် ရပ်ကွက်တချို့က လူနေအိမ်တွေ၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက် ၅ ခုနဲ့ မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ်ထဲက လူနေအိမ်တွေ ဖျက်သိမ်းခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013