DVB Logo
Home
မြန်မာသတင်း
မီးမလာ ဈေးကွက်မရှိသဖြင့် လျှပ်စစ်ကားတင်သွင်းရေး လူစိတ်ဝင်စားမှုမရှိသေး
DVB
·
November 25, 2022
မီးမလာ ဈေးကွက်မရှိသဖြင့် လျှပ်စစ်ကားတင်သွင်းရေး လူစိတ်ဝင်စားမှုမရှိသေး
Donate to DVB

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက လျှပ်စစ်သုံး လူစီးယာဉ်တွေ ပြည်တွင်းမှာ အသုံးပြုနိုင်ဖို့အတွက် သွင်းကုန်လိုင်စင် လျှောက်ထားနိုင်တယ်လို့ ဖိတ်ခေါ်ထားပေမဲ့ ဈေးကွက်မရှိတာကြောင့် လူစိတ်ဝင်စားမှု မရနိုင်ဘူးလို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မှန်မှန် မပေးနိုင်ပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က  လျှပ်စစ်ကားတွေနဲ့ လျှပ်စစ်ရထားတွေထုတ်လုပ် ပြေးဆွဲကြဖို့  သူ့ရဲ့ မိန့်ခွန်းတွေမှာ မကြာခဏ တိုက်တွန်းပြောဆိုပြီးနောက်  စစ်ကောင်စီဩဇာခံ ဝန်ကြီးဌာနက လျှပ်စစ်ကားတွေ ပြည်ပက တင်သွင်းဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။ 

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ပါ ဖော်ပြချက်အရ လျှပ်စစ်သုံး လူစီးယာဉ်တွေကို တင်သွင်းခွင့်ပေးတဲ့နေရာမှာ စမ်းသပ်ကာလ (Pilot Project) အနေနဲ့ ၁.၁.၂၀၂၃ မှ ၃၁.၁၂.၂၀၂၃ အထိ သတ်မှတ်ထားပြီး ရောင်းချမယ့်ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ ဝယ်၊ ရောင်း သဘောတူစာချုပ်ကို တင်ပြနိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

ဒါ့နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက “အခုထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်ထဲမှာ ပြခန်းကြီးတော့ ဆောက်စရာမလိုဘူး။ ဒါပေမဲ့ ထုတ်လုပ်တဲ့သူတွေနဲ့ စာချုပ် ချုပ်ဆိုတဲ့နေရာမှာ ယာဉ်အပိုပစ္စည်းနဲ့ ရောင်းချပြီးနောက် ပြုပြင်ထိန်းသိမ်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ရမယ်။ ဒါကြောင့် တင်သွင်းလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အရောင်းပြခန်း ဖွင့်လှစ်ထားတဲ့သူဆိုရင် သိန်း ၁,၀၀၀ အာမခံတင်ရမယ်။ ဒါပေမဲ့ အခုမှ လျှပ်စစ်သုံး လူစီးယာဉ် တင်သွင်းမယ့်သူအတွက်က သိန်း ၅၀၀ အာမခံထားရမယ်။ ဒါကလည်း ပြဿနာတစုံတရာ ဖြစ်လာခဲ့ရင် ဒီဟာနဲ့ ဖြေရှင်းနိုင်ဖို့ အာမခံထားခိုင်းတဲ့ သဘောပါ” လို့ အင်တာဗျူးတခုမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနက တင်သွင်းခွင့်ပြုမယ့် လျှပ်စစ်သုံး လူစီးယာဉ်ဟာ မြန်မာပြည်မှာ ဈေးကွက်မရှိတဲ့အပြင် ချို့ယွင်းမှုကလည်း များစွာရှိတာကြောင့် လူစိတ်ဝင်စားမှုနည်းတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ထောက်ပြထားပါတယ်။

ကားအရောင်းစင်တာ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တဦးက “လျှပ်စစ်ကားနဲ့ပတ်သက်ပြီး လူစိတ်ဝင်စားမှုက မရှိဘူး။ ဘာလို့လဲဆို ဒီမှာ အခက်အခဲတွေက အများကြီးပဲ။ အဓိက,ကတော့ သူ့ကို အားသွင်းဖို့အတွက် ပြဿနာရှိတယ်။ ပြီးတော့ သူရဲ့ဈေးနှုန်း။ ကြားရသလောက် ဒေါ်လာ ၂၀,၀၀၀ စွန်းစွန်းရှိမယ်လို့ ကြားတယ်။ ပြီးတော့ ကားက ဘယ်လိုပုံစံမျိုးရှိမလဲဆိုရင် Suzuki swift ထက် သေးတယ်လို့လည်း ကြားတယ်။ ဆိုတော့ ပြောရရင် ပထမအချက်က quality ပိုင်းမှာ ပြဿနာရှိတယ်၊ ဒုတိယအချက်က သူ့ကို အားသွင်းရမယ့် ပြဿနာ၊ တတိယအချက်က ပြုပြင်ထိန်းသိမ်းဖို့အတွက် ဘယ်လိုလာမလဲ မသိဘူး။ သွင်းမယ့်ကားကလည်း အများစုက တရုတ်ကား ဆိုတော့ အားလုံးက နည်းနည်းလန့်နေကြတယ်။ ဒါကလည်း တရုတ်ကုမ္ပဏီတွေက မြန်မာပြည်ဈေးကွက်မှာ လက်ဝါးကြီးအုပ်ထားကြတာဖြစ်လို့ သူတို့ကားပဲ သူတို့ အဓိက ရောင်းကြမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တင်သွင်းခွင့်ပြုမယ့် လျှပ်စစ်သုံး လူစီးယာဉ်တွေဟာ ရန်ကုန်ကားဝယ်ရောင်းဈေးကွက်အပေါ် တစုံတရာ သက်ရောက်မှု မရှိနိုင်ဘူးလို့ ကားဝယ်ရောင်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

ရန်ကုန်အခြစိုက် ကားဝယ်ရောင်းလုပ်ကိုင်နေသူတဦးကလည်း “လျှပ်စစ်ကားတွေ တင်သွင်းခွင့်ပေးမယ်လို့ ဘယ်လိုပဲပြောပြော ဒီမှာက သူ့ရဲ့အားနည်းချက်ကို သိနေကြတာ ဆိုတော့ ရန်ကုန်ကားဈေးကွက်အပေါ်မှာ သက်ရောက်မှုက ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ ပြီးတော့ သူ့ကားကို စစီးမယ်ဆိုရင် သူ့ရဲ့အရင်းအနှီးက အနည်းဆုံး သိန်း ၄၀၀ နဲ့ ၅၀၀ ကြားမှာရှိတယ်။ ဒီပမာဏလောက်နဲ့ဆိုရင် Honda Fit ပဲ ဝယ်စီးတော့မှာပေါ့ဗျာ။ မဟုတ်ဘူးလား။ အဲ့ဒီ့တော့ လျှပ်စစ်ကားကို ဘယ်သူက ဝယ်စီးမှာလဲ။ အဲ စီးကြည့်လို့ ကောင်းတဲ့အချက်တွေများ ရှိလာခဲ့ရင်တော့ တမျိုးပေါ့နော်။ ဒီတော့ သွင်းလာပြီး စီးကြည့်ပေါ့ဗျာ။ ဒါဆို အခြေအနေမှန်ကို သိပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီခန့် သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိမှာ ပြည်ပနိုင်ငံတွေထံက လျှပ်စစ်ကားတွေ တင်သွင်းရောင်းချဖို့ တင်ပြလာတဲ့ ကုမ္ပဏီ ၂၆ ခုအထိရှိနေပြီး ဒီနေ့အချိန်ထိတော့ ခွင့်ပြုပေးထားတဲ့ကုမ္ပဏီ မရှိသေးဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေ လျှပ်စစ်မီး သုံးစွဲရရှိမှုက တနေ့တခြား ဆိုးဝါးလာနေပါတယ်။ ဒါကြောင့် လက်ရှိမှာဆိုရင် ရန်ကုန်မြို့မှာ တရက်ကို လျှပ်စစ်မီးရရှိမှုက အများဆုံး ၁၀ နာရီထက် မပိုတာကြောင့် ပြည်သူတွေဟာ လျှပ်စစ်မီးမလုံလောက်တဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013