DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် မြန်မာအမျိုးသမီး ၃၀၀ ကျော်ကို မှတ်တမ်းတင်
DVB
·
November 25, 2022
စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် မြန်မာအမျိုးသမီး ၃၀၀ ကျော်ကို မှတ်တမ်းတင်
Donate to DVB

စစ်အာဏာသိမ်း ၁ နှစ်ခွဲကျော်ကာလအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် အယောက် ၃၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ အဓမ္မပြုကျင့်၊ မီးရှို့သတ်ဖြတ်ခံရမှုတွေလည်း ပါဝင်နေတယ်လို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM) က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၅ ရက် ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အထိမ်းအမှတ် စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့    မြန်မာအမျိုးသမီးတွေအတွက် အောက်မေ့သတိရတဲ့အနေနဲ့  မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးတွေထဲမှာတော့ ကျောင်းသူတွေ၊ ဆန္ဒပြသူတွေ၊ ဆရာမတွေ၊ သူနာပြုတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ သီလရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဈေးဆိုင်အလုပ်သမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ ခုခံတော်လှန်ရေးသမားတွေနဲ့ အလုပ်သမားတွေ အမျိုးမျိုးပါဝင်ကြပါတယ်။

သပိတ်မှောက်သူနာပြုဆရာမ ဒေါ်ဇာလီနိုင်နဲ့ သပိတ်မှောက်ဆရာမ ဒေါ်ခင်နှင်းဝေ တို့ကိုတော့ စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လအတွင်း မကွေးတိုင်းမှာ ဖမ်းဆီးကာ သတ်ဖြတ်မီးရှို့ခဲ့ပြီး သူတို့ရဲ့အသံတွေနဲ့ မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးနိုင်မယ့် အလားအလာတွေလည်း  ထာဝရ ပျောက်ကွယ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူ ၅၈ ယောက်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်အမြင်နဲ့ အသံတွေကို တည်ဆောက်နေဆဲဖြစ်တဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် အသတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၂ နှစ်အောက် မိန်းကလေး အယောက် ၃၀ ပါဝင်ပြီး အဲဒီထဲက အနည်းဆုံး ၁၂ ယောက်ကတော့ အသက်ရှင်ချိန်က ကျောင်းတောင် မတက်ဘူးသေးတဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂ နှစ်အရွယ် ရွှေယွန်းအိမ်ကတော့ “အကြမ်းဖက်သမား” အဖြစ် သတ်မှတ်ထိန်းသိမ်းခံထားရတဲ့ မိခင်နဲ့အတူ ထောင်အတွင်းရှိနေချိန်မှာ ဆေးကုသခွင့် ငြင်ပယ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက ရခိုင်ပြည်နယ်က ထောင်အတွင်း သေဆုံးသွားခဲ့တာပါ။ အဆိုပါသေဆုံးမှုအားလုံးဟာ တခုမှ “မတော်တဆ” မဟုတ်ဘဲ စစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ သေဆုံးစေမှု၊ ဒါမှမဟုတ် အလွန်အမင်း လျစ်လျူရှုမှုကြောင့်သာ ဖြစ်တယ်လို့ FEM ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အများအပြားကတော့ ဆန္ဒပြမှုတွေနဲ့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ သူတို့ရဲ့ သဘောထားတွေကို ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်ပြီး စစ်အာဏာရှင်ကို ခုခံအံတုချိန်မှာ သူတို့ရဲ့ ရဲရင့်တဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကြောင့် သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ သူနာပြုဆရာမ သဉ္ဇာဟိန်းကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လက စစ်ကိုင်း ဆန္ဒပြပွဲမှာ ဒဏ်ရာရရှိသူတွေကို ကူညီနေချိန် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်ခံရသူတွေထဲက အနည်းဆုံး အယောက် ၄၀ ကတော့ ဖမ်းဆီးထိန်းသိမ်းထားချိန်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အယောက် ၂၀ က အရှင်လတ်လတ် မီးရှို့ခံခဲ့ရတယ်လို့ FEM က ဆိုပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ သူတို့ရဲ့ အမျိုးသမီးဖြစ်မှုကို ပစ်မှတ်ထားတဲ့ ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုဖြစ်ပြီး အနည်းဆုံး အမျိုးသမီးနဲ့ မိန်းကလေး ၁၇ ယောက်ထက်မနည်း အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၁၄ နှစ်အရွယ် မမိုးမိုးထွေးဟာ မကွေးတိုင်းမှာ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း စစ်တပ်ရဲ့ အဓမ္မပြုကျင့်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာကို ခံခဲ့ရကာ အကြမ်းမဖက် အာဏာဖီဆန်မှု (CDM) ပြုလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်း မထက်နေခြည်မင်းဟာလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းအတွင်း အလားတူ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီး အရေအတွက်ဟာ အခုထက် လွန်စွာများပြားတာမို့ တိကျတဲ့အရေအတွက် အတိုင်းအတာကို မသိနိုင်သေးဘူးလို့ FEM ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အသက် ၁၉ နှစ်အရွယ်  မမြသွဲ့သွဲ့ခိုင်ဟာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ဘတ်စ်ကားဂိတ် အရိပ်တနေရာမှာရပ်နေစဉ် ဦးခေါင်းမှာ သေနတ်ကျည်ဆန် ထိမှန်ပြီးနောက် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ရတာပါ။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၃၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၄၀၀ ကျော်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013