
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အမှတ် ၁ ရပ်ကွက် ဗဟိုလမ်းမှာဖွင့်လှစ်ထားတဲ့ TT Diamond စိန်ဆိုင်မှာ နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီလောက်က ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်းနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ဒီကနေ့ နေ့လယ် ၁ နာရီလောက်က ဖြစ်တာပါ။ ဆိုင်ထဲဝင်ဖို့လုပ်တာ ဆိုင်လုံခြုံရေးဝန်ထမ်းတွေက တားတဲ့အချိန်မှာ သေနတ်နဲ့ပစ်သွားတယ်။ လုံခြုံရေးနှစ်ဦး ဒဏ်ရာရသွားတယ်။”
အမည်မသိ လူသုံးဦးက အိမ်စီးကားပေါ်ကနေ ဆင်းလာပြီး TT Diamond ဆိုင်အတွင်း ဝင်ရောက်ဖို့လုပ်ချိန်မှာ ဆိုင်လုံခြုံရေးဝန်ထမ်းတွေက တားဆီးခဲ့ရာ လုယက်သူတွေက ဓားနဲ့ထိုး သေနတ်နဲ့ပစ်ခတ်တာကြောင့် ဝန်ထမ်းနှစ်ဦးအနက် တဦး ဝဲလက်ဖျံ ဓားဒဏ်ရာနဲ့ ကျန်တဦးမှာ ပေါင်ရင်းကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရသူတွေကို လူနာတင်ကားနဲ့ ဆေးရုံပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
အဆိုပါဓားပြတိုက်မှုမှာ ဆိုင်ရှိပစ္စည်းတွေ မပါသွားဘူးလို့သိရပြီး လုယက်သူတွေဟာ စီးလာတဲ့ကားနဲ့ ဗဟိုလမ်းအတိုင်း လှိုင်မြို့နယ်ဘက်ကို မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါ စိန်ရွှေရတနာဆိုင်ကို စစ်ကောင်စီတပ်ကား ၂ စီး၊ ရဲကား ၂ စီး၊ အင်အား ၂၀ ဝန်းကျင် ရောက်ရှိလာပြီး ဆိုင်အတွင်း မေးမြန်းစစ်ဆေးတာတွေ ပြုလုပ်ကာ ဗဟိုလမ်းမှာလည်း ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်ကလည်း အဆိုပါ TT Diamond စိန်ဆိုင် လုယက်ခံခဲ့ရပြီး သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ပလက်တီနမ်ဆွဲကြိုး အကုံး ၂၀ ပါသွားခဲ့ပါသေးတယ်။