DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ဒုရဲမှူး စီးလာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်နက်များပါသွား
DVB
·
November 23, 2022
ရေးမြို့နယ်တွင် ဒုရဲမှူး စီးလာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်နက်များပါသွား
1 / 3
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းက  ဒုရဲမှူး တယောက်နဲ့ ရဲတပ်ကြပ်ကြီးတယောက်  နိုဝင်ဘာ ၂၃ ရက် ဒီမနက် ၈ နာရီခွဲမှာ ရေး-ထားဝယ် ကားလမ်းမရှိ ရေးကျုံလောင်းရွာသစ်အနီး ကားလမ်းမပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပြီး လက်နက်တွေပါသွားတယ်လို့ ပြည်နယ်အစိုးရနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ခရိုင်အစည်းအဝေးကိုတက်ဖို့ ကားနဲ့ထွက်လာတဲ့ ရေးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး လှဌေးနဲ့ တပ်ကြပ်ကြီး ဘဟိန်းတို့ စီးလာတဲ့ကားကို တူးမြောင်းအုပ်စု ကျုံးလောင်းရွာသစ်အနီး တံတားအကျော်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ကားကိုမီးရှို့ကာ လက်နက်တွေပါယူသွားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဒီမနက် ၈ နာရီ ၂၀ လောက်မှာဖြစ်တာ လက်နက်ကြီးငယ်နဲ့ပစ်ပြီး ကားကိုပါ မီးရှို့သွားတယ်။ M 16 တလက်နဲ့ လက်နက် တချို့ပါသွားတယ်။ နှစ်ဦးသေတယ်။ အခုစစ်ဆေးတာတွေလုပ်နေတယ်။ ရေးဘီလူးအဖွဲ့ကပစ်တယ် ကနဦးသိရတယ်။”

အခုလို ရဲတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးသွားတာနဲ့ ပါသွားတဲ့လက်နက်တွေကို  အတည်ပြုဖို့ စစ်ကောင်စီတပ်တွေက ရေးမြို့မရဲစခန်းကို ရောက်ရှိနေတယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်နယ်အခြေစိုက် ရေးဘီလူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့  သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

MSRO တာဝန်ခံ တိုဘီ ကျဆုံးခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ရေးရဲစခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် M16 သေနတ်တလက် ရရှိတယ်။ ကားတစီးပါ မီးရှို့ဖျက်ဆီးလိုက်တယ်။ ပစ်ခတ်ရှင်းလင်းခံရတဲ့အထဲမှာ ရဲမှာဆို စခန်းမှူးအဆင့် ဖြစ်ပါတယ်။ သူတို့ဘက်က ပစ်ဖို့အချိန်မရလိုက်ဘူး။ အခုပစ်ခတ်တဲ့နေရာက တပ်မ ၁၉ ခလရ ၆၁ တပ်ရင်းနဲ့ဆို အနီးနားမှာပါ။ ရေးတံတားကြီး စစ်ဆေးရေးဂိတ်နဲ့လည်း နီးပါတယ်။ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ အခုလို ပစ်ခတ်လိုက်တာပါ။”

လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ် ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲမှူးဦးဆောင်တဲ့ အဖွဲ့တွေက  ကျုံးလောင်းရွာသစ် ကားလမ်းပိုင်းကို စစ်ဆေးတာတွေ၊ နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်နေပြီး  လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေး၊ ကင်းပုန်း ဝပ်နေတာကြောင့် နှစ်ဖက်ထိတွေ့မှုတွေ ထပ်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအပြည့်နဲ့ မြို့တွင်း မြို့ပြင် နေရာတွေကို ပိတ်ဆို့ထားသလို လုံခြုံရေးတင်းကျပ်ထားတာကြောင့် လမ်းခရီး သွားလာရာမှာ အခက်ခဲတွေရှိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ရေးရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတဲ့အချိန်ဟာ ကျောင်းတက်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ကျောင်းသားမိဘတွေက ကလေးတွေကို ကျောင်းမတက်ခိုင်းဘဲ အိမ်ကိုပြန်ခေါ်သွားခဲ့ကြတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

ရေးဘီလူးအဖွဲ့ဟာ စစ်ကောင်စီ လက်ပါးစေတွေဖြစ်တဲ့ စစ်တပ်၊ ရဲနဲ့ သတင်းပေး ၂ ဒါဇင်ကျော်လောက်ကို ရှင်းလင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013