DVB Logo
Home
မြန်မာသတင်း
ငါ့သရောက်နယ်မြေရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ ဒုရဲမှူးအပါအဝင် ၉ ဦး ဒဏ်ရာရ
DVB
·
September 23, 2024
ငါ့သရောက်နယ်မြေရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ ဒုရဲမှူးအပါအဝင် ၉ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၀ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သားနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ဒုရဲမှူးအပါအဝင် ၉ ယောက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိကာ ဆိုင်ကယ် ၃ စီးနဲ့ သေနတ်တလက် သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

ညောင်ဦး ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်ကား ၄ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ သနပ်ပင်ရွာဘက်ကနေ ကင်းပတ်ပြီး ငါ့သရောက်ဘက်ကို ပြန်လာတဲ့အချိန် လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီပတ်ကင်းအဖွဲ့ကို ငါ့သရောက်ရဲစခန်းက မြို့နယ်မှူး ဒုရဲမှူး ဝင်းဆန်း၊ ညောင်ဦးမြို့နယ် စရဖက တင်ထွန်းအောင် လို့ခေါ်တဲ့ တွတ်ပီနဲ့ ညောင်ဦး နယ်ထိန်းခေါင်းဆောင် ချစ်မိုး တို့က ဦးဆောင်လာကြတာကို ကြိုတင်သတင်းရလို့ ငါ့သရောက်-ဇဂျမ်း ကားလမ်းကနေ ကြိုစောင့်ခဲ့ပြီးတော့ မိုင်းအရင်ဆွဲတယ်။ ကားတစီးကတော့ လုံးဝပျက်စီးသွားတယ်။ သူတို့ ကစဥ့်ကလျားဖြစ်သွားတော့မှ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာပါ။ ကျနော်တို့ရဲ့ ပထမဦးဆုံး ပွဲအတွေ့အကြုံက တော်တော်လေး ထိရောက်တယ်ပြောရမယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ယောက် နေရာမှာတင် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးလွတ်မြောက်သွားကာ သူတို့စီးနင်းလာတဲ့ ဆိုင်ကယ် ၃ စီးနဲ့ M 22 သေနတ်တလက် သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

ညောင်ဦး ပကဖ တာဝန်ခံတယောက်က “ရဲဘော်တွေရဲ့ လုံခြုံရေးကြောင့် သတင်းထုတ်ပြန်တာ နောက်ကျခဲ့ရတာပါ။ တိုက်ခိုက်မှုအတွင်းမှာ စစ်သားနဲ့ ရဲ ၃ ယောက် တန်းသေတယ်။ ညောင်ဦးဆေးရုံတင်ရတဲ့ ဒဏ်ရာရတဲ့ ၉ ယောက်ထဲက ၂ ယောက် ထပ်သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေထဲက ပြင်းထန်တဲ့​ကောင်တွေကို ညောင်ဦးဆေးရုံကမနိုင်လို့ နေပြည်တော်ကို လွှဲတယ်လို့ သိရတယ်။ နောက်ဆက်တွဲ အခြေအနေကိုတော့ ဆက်လက်စုံစမ်းဆဲပါ” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေအနက်က ဒုရဲမှူးဝင်းဆန်းရဲ့ မျက်နှာတခုလုံး စုတ်ပြဲသွားပြီး လက်မောင်းမှာလည်း ကျည်ဆန်ထိမှန်ဒဏ်ရာ ရရှိသွားကာ စရဖက တင်ထွန်းအောင် အပြင်းအထန် ဒဏ်ရာတွေ ရရှိသွားသလို နယ်ထိန်းခေါင်းဆောင် ချစ်မိုးရဲ့ မျက်နှာမှာလည်း စုတ်ပြဲဒဏ်ရာတွေ အပြင်းအထန် ရရှိသွားကြပြီး တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး စခန်းအခြေစိုက်ရာ မကွေးတိုင်းအတွင်းက ဧရာဝတီမြစ် အနောက်ဘက်ခြမ်းကို ထိခိုက်ဒဏ်ရာမရဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသလို အသေးစိတ်သိရှိနိုင်ဖို့ DVB အနေနဲ့ ငါ့သရောက်နယ်မြေ ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိခဲ့ပါဘူး။

အဆိုပါရဲစခန်းက ရဲတပ်ဖွဲ့ဝင်တယောက်ကတော့ တိုက်ခိုက်ခံရတာ မှန်ကန်​တယ်လို့ DVB ကို အတည်ပြုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်)၊ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃၊ ရန်ကြီးအောင် PDF၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ Popa Production and Guerilla Force၊ ညောင်ဦးခရိုင် တပ်ရင်း ၁ တို့နဲ့အတူ Black Tiger (မြင်းခြံ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလထဲကလည်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းပြီး ငါ့သရောက်နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ စခန်းမှူးအပြင် ရဲမေတယောက် အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013