DVB Logo
Home
မြန်မာသတင်း
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် စစ်ကောင်စီဝန်ကြီးတက်ခွင့်မရ 
DVB
·
November 22, 2022
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင်  စစ်ကောင်စီဝန်ကြီးတက်ခွင့်မရ 
Donate to DVB

နိုင်ငံတကာက မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံရေးဇာတ်ခုံကနေ ဖယ်ထုတ်ဖို့ ပိုမိုဆောင်ရွက်လာတာနဲ့အမျှ ကမ္ဘောဒီးယားက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားမယ့် စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့  Foreign Policy သတင်းမှာဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီခန့် ကာကွယ်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦးကို အစည်းအဝေးတက်ခွင့်မပြုတဲ့ အကြောင်းကို နိုဝင်ဘာလ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်ကြာကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က  ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေပိုမိုဆိုးရွားလာအောင် မလုပ်ဖို့ အင်ဒိုနီးရှားထိပ်တန်းအရာရှိတွေက မြန်မာစစ်အာဏာရှင်တွေကို တောင်းဆိုလိုက်ပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံရမယ့် စိတ်မချမ်းမြေ့စရာအဖြစ်ကနေ လွတ်မြောက်သွားတယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် (FP) Foreign Policy ရဲ့ သတင်းမှာဖော်ပြထားပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ တရုတ်နဲ့ မြန်မာဘက်ကနေ အမြဲတမ်းကာကွယ်ပြောဆိုတတ်တဲ့ ကမ္ဘောဒီးယားရဲ့ သိမ်မွေ့တဲ့ အပြောင်းအလဲဖြစ်တယ်လို့လည်း FP သတင်းက ရေးပါတယ်။ 

အမေရိကန် အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦးက “မြန်မာစစ်တပ်ဟာ ဒေသတွင်းက တခြားနိုင်ငံတွေကို ကတိပေးခဲ့တဲ့အတိုင်း မြန်မာနိုင်ငံထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းမှုတစ်ခုရှိမလာမချင်း ဒီလိုဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်တပ် တက်ရောက်ခွင့်ရှိမှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အခုဖြစ်ပျက်နေတာတွေဟာ လက်ခံနိုင်စရာမရှိဘူး၊ ပြီးတော့ ဒီလိုပုံစံနဲ့ အရင်လို ဆက်သွားလို့ မရဘူးဆိုတာကို ပြသဖို့ အာဆီယံက ဒီခြေလှမ်းကို လှမ်းခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူအရ ဘယ်သူကပြောတယ်ဆိုတာကိုတော့ ထုတ်ပြောခွင့်မရှိဘူးလို့ FP က ဆိုပါတယ်။

သမ္မတဘိုင်ဒန်အစိုးရကလည်း မြန်မာစစ်အာဏာရှင်တွေကို အာဆီယံမှာ အဆင့်အတန်းလျော့ချဖို့အတွက် တိုက်တွန်းနေတယ်လို့ နောက်ထပ် အမည်မဖော်လိုသူ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။ 

မြန်မာစစ်အာဏာရှင်တွေကို အာဆီယံရဲ့ အရေးကြီးတဲ့ အခမ်းအနားတွေမှာ မဖိတ်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုက တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက်မှာ ကမ္ဘောဒီးယာက အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်အာဏာရှင်တွေကိုထည့်သွင်းဖိတ်ကြားဖို့ ဒီနှစ်အစောပိုင်းမှာ ရပ်တည်တောင်းဆိုခဲ့တဲ့ အမြဲတမ်း တရုတ်ဘက်ယိမ်းတဲ့ ကမ္ဘောဒီးယားရဲ့ ဆန့်ကျင်ဘက် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေပေမဲ့ စစ်အာဏာရှင်တွေရဲ့ ဝန်ကြီးတွေကို အာဆီယံအစည်းအဝေးတွေကနေ အပြီးတိုင်ပိတ်ပင်ဖယ်ရှားတာမပြုခဲ့တာကြောင့် အခုလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံဟာ ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စင်္ကာပူ အမျိုးသားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ဒု-ပါမောက္ခ အီယန်ချောန်းက “ဒါကတော့ မြန်မာစစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို အတိုင်းအတာတခုအထိ ငြင်းဆန်လိုက်တဲ့ နာမည်တပ်ပြီး အရှက်ခွဲတဲ့ သဘောမျိုးပါပဲ။ နည်းနည်းတော့ ဖိအားပေးလိုက်တဲ့သဘောမျိုးရှိပေမယ့် သူတို့ (မြန်မာစစ်အာဏာရှင်တွေ) ရဲ့ အမူအကျင့်တွေ ပြောင်းလဲသွားဖို့တော့ လုံလောက်မယ်မထင်ဘူး” လို့ ပြောပါတယ်။ 

မြန်မာစစ်အာဏာရှင်တွေကို အာဆီယံကပါ အဖက်မလုပ်ဖို့ အမေရိကန်က မျှော်လင့်နေတာဖြစ်သလို အာဆီယံကလည်း မြန်မာနဲ့ပတ်သက်တဲ့ အဆင့်မြင့်နိုင်ငံရေးမှာ သူရဲ့လုပ်ဆောင်ချက်တွေ ထိရောက်မှုမရှိဘူးဆိုတာ မဟုတ်ကြောင်းကို ပြသဖို့ကြိုးစားနေတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ဒု-ပါမောက္ခ အီယန်ချောန်းက“အခုလို မဖိတ်တော့ဘူးဆိုတာက မြန်မာ့အရေးအတွက် အာဆီယံဟာ ပိုကြိုးစားနေပါတယ်ဆိုတာကို ပြချင်တာဖြစ်နိုင်သလို မြန်မာနဲ့ ပတ်သက်ရင် အာဆီယံက လုံးဝဥဿုံမထိန်းနိုင်ဘူးဆိုတာတော့ မဟုတ်ဘူးလို့ ပြချင်တာမျိုးဖြစ်မယ်”လို့ ပြောပါတယ်။ 

၂၀၂၀ ပြည့်နှစ် အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စကော့မာစီယယ်ကလည်း “စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်တာမှန်သမျှ ကောင်းတာချည်းပဲ။ ရေတိုမှာတော့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို ပြောင်းလဲစေမှာမဟုတ်ပေမယ့် သူတို့ပေါ်မှာတော့ ဖိအားပိုများစေတယ်” လို့ ပြောပါတယ်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ မြန်မာကလွဲရင် ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ဆုံသွားမှာဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013