Home
ဆောင်းပါး
အဖိုးတန် ပြည်သူ့သားကောင်း စစ်သည်‌တော်များနှင့် မျိုးမမှန် မိစ္ဆာသားလောင်း စစ်သည်ရှော်များ
DVB
·
November 19, 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတရူး မင်း‌အောင်လှိုင်နဲ့ လက်ပါးစေ အခွင့်ထူးခံတသိုက် ပြည်သူ့အာဏာကိုလုယူပြီး မကြာမီမှာပင် အာဏာရှင်သစ္စာခံစစ်တပ်က လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို ခေါင်းကိုပစ်ခတ် စတင်သတ်ဖြတ်ခဲ့တဲ့ အချိန်ကစပြီး ၁၉၈၈ အာဏာသိမ်းစဉ်ကထက် အဆမတန် ပိုမိုများပြားတဲ့ စစ်သည်တော်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်‌တွေဟာ ဆရာ ဆရာမတွေ၊ ဆရာဝန်တွေ၊ ရဲဝန်ထမ်းတွေနည်းတူ သူတို့ရဲ့အသက်ကို စွန့်စားကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပူးပေါင်းလာခဲ့ကြပါတယ်။

သူတို့ကိုယ်တိုင်အတွက်သာမက သူတို့မိသားစုအတွက်ပါ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ စွန့်စားမှုကို ယူခဲ့ကြတဲ့ အဲ့ဒီစစ်သည်တော်တွေဟာ တပ်မတော်မှ ထွက်ပြေးလာခဲ့သော ‘တပ်ပြေးတွေ’ မဟုတ်ကြဘဲ သူတို့ နှစ်ပေါင်းများစွာ ဘဝတခုလုံးနီးပါး အလုပ်လုပ်ကိုင် ပေးခဲ့ကြရတဲ့ အဖွဲ့အစည်းကို အာခံဆန့်ကျင်ပြီး အမှန်တရားအတွက် ပြည်သူ့ရင်ခွင်ကို ခိုဝင်လာကြတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာလုယူထားတဲ့ ၂၁ လအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ အမှန်နဲ့အမှား ခွဲခြားတတ်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့သားကောင်း စစ်ဗိုလ်/စစ်သည်‌တော် တသောင်းကျော်လာပြီး အဲဒီအထဲမှာ ရဲတပ်ဖွဲ့ဝင် ရှစ်ထောင်ကျော်နဲ့ စစ်သည်လေးထောင်ကျော် ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောခဲ့ပါတယ်။

အဲ့ဒါအပြင် နှစ်ဖက်တိုက်ပွဲတွေအတွင်း ထွက်ပြေးသွားသူတွေနဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်က ထွက်ပြီး မထင်မရှား ဇာတ်မြှုပ်နေထိုင်သူတွေလည်း ရှိ‌နေတာကြောင့် တကယ်လက်တွေ့မှာ အာဏာရှင် ခါးပိုက်ဆောင်တပ်ကို ကျောခိုင်းသွားသူ အရေအတွက်ဟာ တသောင်းကျော် ဆိုတာထက် ပိုများနိုင်တယ်လို့လည်း ဦးနိုင်ထူးအောင်က ပြောပါသေးတယ်။

ဒါကြောင့်မို့လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ရဲ့ ထောက်ပံ့ကူညီမှုတွေကြောင့် တပ်မတော်မှစွန့်ခွာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာမှုဟာ လက်ရှိအချိန်မှာ စစ်အစိုးရရဲ့ မတရားအာဏာလုယူ အုပ်ချုပ်မှုကို ဆန့်ကျင်‌နေတဲ့ လူထုလှုပ်ရှားမှု - ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်သုံးခုထဲက တခုအဖြစ် သတ်မှတ်ခြင်း ခံလာရပါတယ်။

လက်နက်တွေနဲ့အတူ CDM ဝင်လာတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့သားကောင်း စစ်သည်‌တော်တွေ ပါလာတဲ့ လက်နက်အပေါ် မူတည်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာငွေ ကျပ်သိန်းလေးဆယ် စသည်ဖြင့် ဆုချီးမြှင့်ပါတယ်။ စစ်ကောင်စီတပ်သားတွေ အနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကို မလိုက်နာဘဲ ပြည်သူနဲ့ ပူးပေါင်းမယ်ဆိုရင် ဆုကြေးငွေတွေ ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခုနှစ် ဧပြီလကစပြီး ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ အခုလို CDM ဝင်လာတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့သားကောင်း စစ်သည်‌တော်တွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး အဓမ္မဝါဒီ ပြည်ဖျက် စစ်အာဏာရှင်ကို ကျောခိုင်းစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို ခိုဝင်လာတဲ့ စွန့်လွှတ်စွန့်စားမှုကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရနိုင်ပေမဲ့ သူတို့ရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့ သဘောမျိုးအနေနဲ့ NUG ရည်ရွယ်ပုံရပါတယ်။

ဒီလိုအသိအမှတ်ပြု ဆုချီးမြှင့်တာကြောင့် ပိုမိုများပြားတဲ့ စစ်သည်တော်‌တွေ၊ ရဲဝန်ထမ်းတွေနဲ့ အခြားသော လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဖက်ဆစ်တပ်ကို အမြန်ဆုံးစွန့်ခွာစေဖို့၊ CDM အာဏာဖီဆန်ခြင်း လှုပ်ရှားမှုတွေမှာ ပါဝင်လာအောင် ဆွဲဆောင်ပြီး စစ်ဓားပြတပ်ကို အောက်ခြေက‌နေစပြီး ပြိုလာအောင် ကြိုးပမ်း‌နေပုံ ရပါတယ်။

တဖက်မှာလည်း ရှေ့တန်းမှာရှိတဲ့ အကြမ်းဖက်စစ်‌ကောင်စီတပ်က စစ်သားအတော်များများကတော့ စိတ်ဓာတ်ကျနေကြပါပြီ။ ရှေ့တန်းမှာ ရက်ရှည်လများ နားရက်ကမရှိ၊ ကိုယ်ပြည်သူနဲ့ ပြန်စစ်ဖြစ်၊ ကိုယ့်ပြည်သူကို ပြန်သတ်၊ ပြည်သူလူထု အိုးအိမ်ရွာတွေ မီးရှို့နေရပြီး အသက်အန္တရာယ်ကနီး၊ ဘာမှမလုပ်ချင်၊ မကိုင်ချင်တော့ဘဲ စိတ်ဓာတ်နဲ့ ယုံကြည်ချက် ယိမ်းယိုင်လာနေတာမို့ အလွယ်တကူ လက်နက်ချ၊ အခွင့်သာတာနဲ့ စစ်တပ်ကို စွန့်ခွာလာကြပြီ ဖြစ်ပါတယ်။

ဒါကြောင့် အခုဆို CDM လုပ်တဲ့ စစ်သားအရေအတွက်ထက် ရှေ့တန်းရောက် စစ်သားတွေက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထံမှာ လက်နက်ချ ပူးပေါင်းလာမှုက ပိုများလာတယ်လို့ CDM ရဲနဲ့ စစ်သားတွေကို ကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က CDM ဗိုလ်ကြီး လင်းထက်အောင် ပြောတာကို ဖတ်လိုက်ရပါတယ်။

CDM ဝင်လာခဲ့ကြတဲ့ ပြည်သူ့သားကောင်းစစ်သည်တော်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ စွန့်ခွာလာခဲ့ကြရတဲ့ အကြောင်းအရင်း များစွာရှိတဲ့အနက်က ပြည်သူများကို ကာကွယ်ရမည့်အစား “ကိုယ့်ပြည်သူကိုယ်ပြန်သတ်” နေတဲ့ စစ်တပ်အဖွဲ့အစည်းရဲ့ ယုတ်ဆိုး အကျည်းတန်လှတဲ့ ကိုယ်ကျင့်တရားနဲ့ သမိုင်းကြောင်းအပေါ် လက်သင့်မခံမှု၊ ရွံရှာမှု၊ အရှက်ရမှုနဲ့ ဒေါသဖြစ်မှုတွေကို ဖော်ထုတ်ပြသဖို့၊ လိပ်ပြာလုံစွာ ရှင်သန်လိုစိတ်နဲ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အကြမ်းဖက်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြည်သူများအပေါ် ကျူးလွန်ခဲ့ကြတဲ့ ရက်စက်စွာ ဖြိုခွဲမှုတွေ၊ နှိပ်စက်မှု‌တွေ၊ သတ်ဖြတ်မှုတွေရဲ့ ကြံရာပါများ ဖြစ်ရခြင်းကို ရှောင်လွှဲလိုတဲ့အကြောင်းကြောင့် ဖြစ်ပါတယ်။

အဲ့ဒီအချက်တွေကို ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM တပ်ကြပ်ကြီးဟောင်း ယဥ်လဲ့လဲ့ထွန်းရဲ့ အောက်ပါ ရင်ဖွင့်ပြောကြားမှုက သက်သေခံနေပါတယ်။

“စစ်တပ်ရဲ့ အဓိကတာဝန်က နိုင်ငံကိုကာကွယ်ဖို့ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ သူတို့က ပြည်သူတွေကို သတ်နေပြီး အမြဲတမ်း နိုင်ငံကို အုပ်ချုပ်ဖို့ပဲ စဥ်းစားနေကြပါတယ်။ ပြည်‌သူတွေ မုန်းတာကို ကျွန်မ မခံချင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ ပြည်သူတွေဘက်မှာ ရပ်တည်ဖို့ ကျွန်မ ရွေးချယ်ခဲ့တာပါ။ ပြည်သူတွေကို သတ်တာက ကျွန်မ မိသားစုဝင်တွေကို သတ်သလိုပါပဲ”။

ပြီးတော့ အာဏာရှင်လက်ပါးစေ စစ်ဗိုလ်စစ်သား မြင်ရင်ကို တံတွေးထွေး မျက်နှာလွှဲကြမယ့် ပြည်သူလူထုရဲ့ မုန်းတီးရွံရှာမှုကို မခံနိုင်တာ၊ လူမှုရေးပြစ်ဒဏ် မခံရချင်တာ၊ နှိမ်ချတာ၊ ခွဲခြားဆက်ဆံခံရမှာကို မခံချင်တာတွေဟာ စစ်ဓားပြတပ်ကို စွန့်ခွာကျောခိုင်းဖို့ ရွေးချယ်ရခြင်းရဲ့ တစိတ်တပိုင်း ဖြစ်လာခဲ့ရတဲ့အပြင် ပျက်သုဉ်းသွားတဲ့ နိုင်ငံရဲ့ အနာဂတ်ကို ပြန်လည်တည်ဆောက်ဖို့ မှားယွင်းတဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ဆိုး အဆုံးသတ်နိုင်ဖို့ နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူလူထုနဲ့လက်တွဲပြီး သတ္တိရှိစွာ ကိုယ်တိုင်ပါဝင် တိုက်ပွဲဝင်လာခဲ့ကြပါတယ်။

တခြားတဖက်မှာတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး အာဏာလုခဲ့တဲ့ အာဏာရှင်ခါးပိုက်ဆောင်တပ်ရဲ့ မိစ္ဆာသားလောင်း စစ်သည်ရှော်တွေဟာ သူတို့ ဘာအတွက် အသက်စွန့် တိုက်ခိုက်နေသလဲ ဆိုတာကို မသိတာမို့ စိတ်ပိုင်းဆိုင်ရာအရ အလွန်အမင်း အားလျော့နေကြပြီ ဖြစ်ပါတယ်။

သူတို့ တိုက်ပွဲမှာ ကျဆုံးရင်တောင်မှ မည်သူမှ သူတို့အပေါ် ကိုယ်ချင်းစာ သနားကြမှာ မဟုတ်ဘူးဆိုတာ ဘယ်လောက်ပဲ သတင်းအမှောင်ချထားပေမဲ့ ဒီကနေ့ အင်တာနက် သတင်းမီဒီယာခေတ်ကြီးမှာ သတင်းဆိုတာ ရေရှည်မှာ ဖုံးကွယ်ထားလို့ မရနိုင်တာမို့ သူတို့ကို မိဘပြည်သူတွေက မေတ္တာမထားနိုင်တော့ဘူး ဆိုတာကို တဖြည်းဖြည်းနဲ့ သိလာကြပြီ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံနဲ့ ပြည်သူအပေါ် ခွင့်မလွှတ်ထိုက်တဲ့ အမှားပေါင်း ကုဋေကုဋာကို ကျူးလွန်နေကြတဲ့ စစ်အာဏာရှင်တသိုက်ရဲ့ အသုံးချခံ စစ်တပ်ကို အကြောင်းကြောင်းနဲ့ မစွန့်ခွာနိုင်သေးတဲ့ စစ်ဗိုလ်စစ်သားတွေအတွက် တ‌နေ့တခြား မြုပ်လာတဲ့ သင်္ဘောပျက်ကြီးနဲ့တူတဲ့ စစ်ဓားပြတပ်နဲ့အတူ ရေအောက်သင်္ချိုင်း သမိုင်းရိုင်း ချောက်ကမ်းပါးထဲမှာ မိစ္ဆာသားလောင်း စစ်သည်ရှော်အဖြစ်နဲ့ ဘဝကို အရုပ်ဆိုး အကျည်းတန်စွာ အဆုံးသတ်ခံမလား၊ လူထုက ချစ်ခင်အားထားရတဲ့ ပြည်သူ့သားကောင်း စစ်သည်‌တော်အဖြစ်နဲ့ တန်ဖိုးရှိစွာ ရှင်သန်မလား ဆိုတာကို ဆုံးဖြတ်ရွေးချယ်ရမယ့် အချိန်ဟာ များများစားစား မကျန်တော့ဘူးလို့ သတိပေးလိုက်ရပါကြောင်း။

(မင်းကောင်းချစ်)

နိုဝင်ဘာ ၁၈ ရက် ၂၀၂၂ ခုနှစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024