DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲကို မလေးရှား မထောက်ခံ
DVB
·
November 15, 2022
စစ်ကောင်စီကျင်းပမည့်  ၂၀၂၃ ရွေးကောက်ပွဲကို မလေးရှား မထောက်ခံ
Donate to DVB

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲကို မလေးရှားက ထောက်ခံအားပေးခြင်းမရှိဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောတဲ့အကြောင်း MalayMail သတင်းမှာ ဖော်ပြပါတယ်။

တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုမပါဘဲ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို စစ်ကောင်စီက သူတို့အသာစီးရအောင် ဘက်လိုက်ကာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တာကြောင့် အဲဒီရွေးကောက်ပွဲကို မလေးရှားက မထောက်ခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီနစ်ကျင့်သုံးတဲ့နိုင်ငံအဖြစ်သို့ ပြန်လည်ပြောင်းလဲစေရေးနဲ့ အနာဂတ်မှာ ပိုမိုတည်ငြိမ်လာစေရေးအတွက် ကူညီပေးဖို့ မလေးရှားက ဆုံးဖြတ်ထားတယ်လို့ မလေးရှား ဝန်ကြီးက ဆိုင်ဖူဒင်က ဆိုပါတယ်။

“ဒီစစ်အာဏာရှင်တွေက ရွေးကောက်ပွဲအကြောင်း ပြောနေတာကိုက သဘာဝမကျဘူး။ ဘာလို့လဲဆိုရင် အရင်ကမြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတယ်လို့နိုင်ငံတကာစောင့်ကြည့်သူတွေ အများကြီးက လက်ခံထားကြပြီးသားဖြစ်တယ်။ ဒီမိုကရေစီ အစိုးရက အရင်ရွေးကောက်ပွဲမှာ အကြီးအကျယ်နိုင်ထားပြီးသား။ ဒါပေမဲ့ လွှတ်တော်မစခင်မှာ စစ်တပ်က အာဏာလုခဲ့တာပဲ။ ဒါကြောင့် မလေးရှားနဲ့ အာဆီယံက သူတို့အခုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံဖို့ဆိုတာ သဘာဝမကျဘူး”လို့  အွန်လိုင်းက ကျင်းပတဲ့ သတင်းစားရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ G20 အစည်းအဝေးတက်ဖို့သွားနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်နဲ့လည်း ဗီဒီယိုကနေတစ်ဆင့် တိုက်ရိုက်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်းက NGO တွေကို ဘဏ္ဍာရေးထောက်ပံ့ကူညီရာမှာ ပွင်းလင်းမြင်သာမှုရှိစေရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုး (NUG) က တောင်းဆိုထားတဲ့ “အားလုံးပါဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူများဖိုရမ်” အကောင်အထည်ဖော်နိုင်ရေးမှာ ပူးပေါင်းပါဝင်ကူညီဖို့  တောင်းဆိုခဲ့တယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။ 

လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကူအညီပေးလိုတဲ့ NGO တွေ များစွာ ရှိနေပေမဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေကြတယ်လို့ သူကပြောပါတယ်။ အဲဒီပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် NUG က အဆိုပြုထားတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ဖိုရမ် ဖြစ်မြောက်လာရေးကို မလေးရှားက ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဖမ်းဆီးထားတာဟာ တရားဥပဒေနဲ့ ကိုက်ညီခြင်းမရှိတာကြောင့် ပြန်လွှတ်ပေးဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူ တားရက်စ်ကလည်း မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေ ပြေလည်စေရေးအတွက်ကူညီပေးမယ့် ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကို ထပ်မံပြောကြားခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီးနောက် မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစနစ် အဆုံးသတ်သွားခဲ့ပြီး မြန်မာနိုင်ငံအနှံ့ အပြားမှာ  သန်းနဲ့ချီတဲ့ ပြည်သူတွေက  စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် နိမ်နင်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013