DVB Logo
Home
Lead Story
သေချင်ရင် စိန်မစားနဲ့ ထာဝရ နေဝင်သွားတဲ့ စစ်မိစ္ဆာတပ်နဲ့ပေါင်းစား
DVB
·
November 12, 2022
သေချင်ရင် စိန်မစားနဲ့ ထာဝရ နေဝင်သွားတဲ့ စစ်မိစ္ဆာတပ်နဲ့ပေါင်းစား
Donate to DVB

မြန်မာစကားမှာ လူပုဂ္ဂိုလ်တယောက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်ဖြစ်ဖြစ်၊ အရပ်ဒေသတခုဖြစ်စေ သူတို့နဲ့ ပတ်သက်မိရင် ပတ်သက်မိသူတိုင်း အသက်အန္တရာယ်ကို အလွန်ကြီးမားစွာ ထိခိုက်နိုင်တာမို့ သတိပေးတဲ့သဘော ပြောဆိုသုံးနှုန်းကြတဲ့စကား ရှိပါတယ်။ အဲ့ဒါကတော့ သေချင်ရင် စိန်မစားနဲ့ ဘယ်သူ့ဆီသွား၊ ဘယ်နေရာသွားဆိုပြီး သုံးနှုန်းကြပါတယ်။

ဥပမာအသုံးကိုပြရရင် စာရေးသူ သာဓုရဲ့ ကျင်ယုံဆိုတဲ့ ဝတ္ထုထဲမှာ မကျင်ယုံနဲ့ယူတဲ့ ယောကျ်ားတွေဟာ ကြာကြာအသက်မရှင်နိုင်ဘဲ အကြောင်းတမျိုးမျိုးနဲ့ သေဆုံးကြရတာမို့ “သေချင်ရင် စိန်မစားနဲ့၊ ကျင်ယုံဆီသွား” လို့ တင်စားသုံးနှုန်းထားပါတယ်။

နောက်ထပ်ဥပမာကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တွေဟာ စင်ကာပူနိုင်ငံကို သိမ်းပိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်စစ်တပ်‌တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ပြီး  ၁၉၄၂ ခုနှစ် ဇွန်လမှာ စီမံကိန်းရေးဆွဲလို့ ဂျပန်ဘုရင့်တပ်မတော် စစ်ဝန်ကြီး ဂျင်နရယ်တိုကျို အမိန့်ထုတ်ပြန်ခဲ့တဲ့ မြန်မာ-ထိုင်း မီးရထားလမ်း (သေမင်းတမန်မီးရထားလမ်း) ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ နန်ပလာဒက်က စတင်ဖောက်လုပ်ထားတဲ့ အဲ့ဒီ မီးရထားလမ်းဟာ ကန်ချနပူရီကို ဖြတ်ပြီးတဲ့နောက် မြန်မာနိုင်ငံနယ်စပ်မှ စီးဆင်းလာတဲ့ ကွေးနွိုင်မြစ်ပေါ်ရှိ ကွေးမြစ်ကို ဖြတ်သန်းဖောက်လုပ်ခဲ့ပါတယ်။ အဲ့ဒီကနေ မြန်မာနိုင်ငံနယ်စပ် ဘုရားသုံးဆူ တောင်ကြားလမ်းကတဆင့် ၁၉၂၅ ခုနှစ်မှာ ဗြိတိသျှတွေ ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-သံဖြူဇရပ် မီးရထားလမ်းပေါ်က သံဖြူဇရပ်ကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။

အဲ့ဒီ သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်စဉ်တုန်းက အလုပ်ပင်ပန်းတဲ့ဒဏ်၊ ပြင်းထန်တဲ့ ရာသီဥတုဒဏ်၊ ကာလဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ အာဟာရချို့တဲ့မှု၊ အဝတ်အစားနဲ့ အ‌ထွေထွေ မလုံလောက်မှုတွေကြောင့် မဟာမိတ်စစ်အကျဉ်းသား ၁၆,၈၀၀ နဲ့ အာဆီယံနဲ့ မြန်မာနိုင်ငံက ချွေးတပ်သားလုပ်သား လူဦးရေ ၈ သောင်းကနေ ၁ သိန်းခန့် သေဆုံးခဲ့ကြရပါတယ်။

ဒါကြောင့်မို့လို့ မြန်မာပြည်အရပ်ရပ်က အဲ့ဒီရထားလမ်း ဖောက်ရာမှာ အလုပ်လုပ်ဖို့သွားကြတဲ့ ချွေးတပ်သားတွေအတွက် ပြန်လမ်းမရှိတဲ့ အရပ်ဒေသဖြစ်တာမို့ အဲ့ဒီခေတ်အခါက “သေချင်ရင် စိန်မစားနဲ့ သံဖြူဇရပ်ကိုသွား” ဆိုတဲ့စကား ပေါ်ပေါက်ခဲ့ပါတယ်။

အခုလည်း ဒီလိုပါပဲ။ မြန်မာပြည်သူအများစုရဲ့ မဲဆန္ဒရလဒ်ကို အသိအမှတ်မပြုဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လက်နက်အားကိုးနဲ့ အကြမ်းဖက် အာဏာလုခဲ့တဲ့ ဖက်ဆစ် အကြမ်းဖက်စစ်တပ်ဟာ တိုင်းရင်းသားလူမျိုးစုများ အပါအဝင် မြန်မာပြည်သူလူထု တရပ်လုံးရဲ့ အရပ်ရှစ်မျက်နှာကနေ ဝိုင်းဝန်းဆန့်ကျင်မှုကို ခံခဲ့ရတာမို့ သမိုင်းတလျှောက်လုံးမှာ ပထမဆုံးအကြိမ်အဖြစ် အကျအဆုံး အများဆုံးနဲ့ အထိနာနေရှိပါတယ်။

နိုင်ငံနဲ့ပြည်သူကို သစ္စာဖောက်တဲ့ စစ်မိစ္ဆာတပ်ကို အပြီးဖျက်သိမ်းဖို့  ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ တနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက် ရှိလာခဲ့ပြီးပြီလို့ ၂၀၂၂ စက်တင်ဘာ ၇ ရက်နေ့က ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေထဲမှာတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃,၈၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အကြမ်းဖက်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေဘက်က ၃,၆၆၄ ယောက် သေဆုံးကာ အယောက် ၂,၇၀၀ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒေသကာကွယ်ရေး ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို စစ်တပ်က ပြန်လည်ကောက်ယူခြင်းမရှိဘဲ စွန့်ပစ်ထားခဲ့ရလောက်အောင် တပ်ပျက်နေပြီ ဖြစ်ပါတယ်။

အဲ့ဒီလို ကရင်၊ ကယား၊ ကချင်၊ ချင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ဗိုလ်စစ်သားတွေ မြောက်မြားစွာ သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အာဏာလုစစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမရှိဘဲ သတင်းအမှောင်ချထားခဲ့ပါတယ်။

ဒါကြောင့် ဒီကနေ့ အချိန်အခါမှာ “သေချင်ရင် စိန်မစားနဲ့ ထာဝရနေဝင်သွားတဲ့ စစ်မိစ္ဆာတပ်နဲ့ ပေါင်းစား” ဆိုတဲ့စကားကို သုံးနှုန်းတင်စားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အကြမ်းဖက်တပ် ခေါင်းဆောင်တွေဟာ သူတို့အာဏာတည်မြဲဖို့ တဖြည်းဖြည်း ချည့်နဲ့လာတဲ့ စစ်ဓားပြတပ်အင်အားကို လူသစ်ရှာလို့ မရတဲ့အဆုံး စစ်မှုထမ်းဟောင်းတွေကို ငွေကြေး၊ မြေကွက် မက်လုံးတွေပေးပြီး စစ်မှုပြန်ထမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ပြန်အမှုထမ်းရင် သေမှာသိနေတဲ့ စစ်မှုထမ်းဟောင်းတွေ အများစုက ဆန္ဒမပါကြပါဘူး။

လူတယောက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်ဖြစ်ဖြစ်၊ တိုင်းနိုင်ငံ အင်ပါယာတခုခုဖြစ်ဖြစ် သူ့အချိန်အခါကောင်းနေချိန် ဘယ်လောက်ပဲ တန်ခိုးထွားထွား၊ ကြီးကျယ်ခမ်းနားခဲ့ပါစေ၊ သူ့ခေတ်ကုန်သွားပြီ၊ ကျရှုံးချိန်ရောက်ပြီဆိုရင် လူမလေး ခွေးမခန့်၊ အိမ်နီးချင်း တိုင်းပြည်တွေက အရိုသေတန်ပြီး မလေးမစား စွန့်ခွာနှိမ်ချတာ၊ ထူထောင်ခြားနား ပုန်ကန်ခြင်းကို ခံကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ပြည်သူလူထုအပေါ် အကြိမ်ကြိမ် သစ္စာဖောက်ဖျက်ပြီး မအလကို သစ္စာခံခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ အာဏာလုအစိုးရဟာ ပြည်တွင်းပြည်ပမှာပါ အသိအမှတ်ပြုခြင်း မခံရတဲ့အပြင် နိုင်ငံသူနိုင်ငံသားတွေရဲ့ အပြီးအပိုင် စွန့်ပစ်ခြင်းကို ခံရရုံမက မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ နည်းမျိုးစုံနဲ့ တိုက်ခိုက်ဆန့်ကျင်တာခံရလို့ ထာဝရနေဝင်‌နေတဲ့ စစ်မိစ္ဆာအင်ပါယာတခုလို့ပဲ ပြောရမှာဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ သေနတ်အားကိုးပြီး ပြည်သူကို နှစ်ပေါင်း ၆၀ ကျော် ရက်စက်စွာဖိနှိပ်လို့ ရန်ရှာဒုက္ခပေးနေတဲ့ စစ်အခွင့်ထူးခံမိစ္ဆာတပ်ဟာ တအိအိ ပြိုဆင်းလာနေရင်း ထာဝရနေဝင်‌တော့မှာမို့ အကြမ်းဖက်တပ်ထဲက သတင်းအမှောင်ဖုံးခံထားရတဲ့ စစ်သား ရဲသား‌တွေရော၊ သိသိနဲ့ မိုက်နေကြတဲ့ စစ်တိရစ္ဆာန်တွေကို ရုပ်ဆိုးအကျည်းတန်တဲ့ နိဂုံးနဲ့ မကြုံချင်ရင်တော့ “သေချင်ရင် စိန်မစားနဲ့ ဖက်ဆစ်စစ်တပ်နဲ့ ပေါင်းစား” လို့ သတိပေးလိုက်ရပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013