DVB Logo
Home
မြန်မာသတင်း
Sky Aviator ကုမ္ပဏီနှင့် ပိုင်ရှင်ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ် အရေးယူ
DVB
·
November 9, 2022
Sky Aviator  ကုမ္ပဏီနှင့် ပိုင်ရှင်ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ် အရေးယူ
Donate to DVB

မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းတွေ တင်သွင်းပေးနေတဲ့  Sky Aviator  ကုမ္ပဏီနဲ့ ဒီလုပ်ငန်းရဲ့ ပိုင်ရှင်လည်းဖြစ် ဒါရိုက်တာလည်းဖြစ်တဲ့ ဦးကျော်မင်းဦးကို ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူသတ်မှတ်ခြင်းကို ဆောင်ရွက်လိုက်တာလို့ ဆိုပါတယ်။

ဦးကျော်မင်းဦးရဲ့ ဦးစီးမှုအောက်မှာ Sky Aviator ကုမ္ပဏီဟာ မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းတွေ တင်သွင်းပေးနေတဲ့ အဓိက အဝယ်အတော်လုပ်ငန်းတစ်ခု ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း Sky Aviator ကုမ္ပဏီဟာ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တွေထံကနေ လက်နက်ကုန်စည်တွေကို တစ်ကြိမ်မက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျော်မင်းဦးဟာ နိုင်ငံခြားမှ စစ်အရာရှိတွေ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ မြန်မာနိုင်ငံသို့တင်သွင်းဖို့၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်တွေ အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပေးအပ်တာ စတဲ့ပံ့ပိုးမှုတွေကိုလည်း  ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာရှင်အဖွဲ့အစည်းကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားမျှတမှုရှိစေဖို့နဲ့ တာဝန်ခံမှု တာဝန်ယူမှုရှိစေဖို့ မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေကို ကျူးလွန်ရာမှာ သူတို့အသုံးပြုတဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ရာမှာ အမေရိကန်အနေနဲ့ မိတ်ဘက်တွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

ဖိနှိပ်ချုပ်ချယ် အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ပြောင်ပြောင်တင်းတင်း တိုးမြှင့်ဆောင်ရွက်နေတဲ့ အာဏာရှင်အဖွဲ့အစည်းကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်က ရပ်တည်ကြောင်းနဲ့ အာဏာရှင်ရဲ့အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုကို ပံ့ပိုးပေးနေသူတွေအပေါ် အမေရိကန်က ထပ်တိုးအရေးယူမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဥရောပသမဂ္ဂ (အီးယူ)ကလည်း  စစ်ကောင်စီနဲ့ လူပုဂ္ဂိုလ် ၁၉ ဦးကို အရေးယူပိတ်ဆို့ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တခဲနက် လူထုထောက်ခံမှုနဲ့ အနိုင်ရခဲ့တဲ့  နိုဝင်ဘာ ၈ ရက်၊ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်နေ့မှာ အမေရိကန်နဲ့ အီးယူက အခုလို ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ထပ်မံချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013