DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ စစ်တပ်စစ်ဆေးရေးဂိတ်ဗုံးကွဲ၊ နတ်မောက်မြို့နယ်၌ ရွာသား ၁၀၀ ကျော်ကို စစ်တပ်ဖမ်းဆီး
DVB
·
November 3, 2022
မကွေးမြို့ စစ်တပ်စစ်ဆေးရေးဂိတ်ဗုံးကွဲ၊ နတ်မောက်မြို့နယ်၌ ရွာသား ၁၀၀ ကျော်ကို စစ်တပ်ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ မကွေးမြို့၊ အောင်စေတနာရပ်ကွက် တောင်တွင်းလမ်းနဲ့ အဝေရာလမ်းဆုံ မီးပွိုင့်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၂ ရက် ည ၉ နာရီကျော်လောက်က ဗုံးတလုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မကွေးမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် အထက ၁ လမ်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ အ.ထ.က ၄ ကျောင်းရှေ့က ဘယ်ရီဂိတ်တွေချထားတဲ့ နေရာမှာလည်း ည ၉ နာရီကျော်လောက်က ဗုံးတလုံး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ပေါက်ကွဲသံကတော့ အကျယ်ကြီး ကြားလိုက်ရတယ်ဗျ။ စစ်(...)တွေဘက်ကတော့ ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျတော့ မသိရသေးဘူး။ မြို့ပေါ်က ပရဟိတ ကားတွေနဲ့တော့ မသယ်ဘူး။ ဒီလိုဖြစ်စဥ်မျိုးက သူတို့အစီအစဥ်နဲ့ပဲ သယ်လောက်တယ်။ ကျနော်တို့လည်း ညဘက်ဆိုတော့ အပြင်မထွက်ရဲဘဲ ကိုယ့်အိမ်မှာပဲ နေကြတာ။”

မကွေးမြို့မှာ အောက်တိုဘာ ၁၄ ရက် ညပိုင်းကလည်း တိုင်းဒေသကြီး ယာဥ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဝင်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

မကွေးတိုင်းထဲက နတ်မောက်မြို့နယ် ဖက်တောရေကျေးရွာက ဒေသခံပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၃ ရက်အထိ ဖမ်းဆီးထားပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖက်တောရေရွာက ပြည်သူ ၁၂၅ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၇ ရက်ကနေ ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားပြီး ၈ ယောက်ကိုတော့ နတ်မောက်မြို့မရဲစခန်း စစ်ကြောရေးကို ပို့ဆောင်ထားကြတယ်လို့ ဖက်တောရေကျေးရွာက ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“ဖက်တောရေကျေးရွာနားမှာ အောက်တိုဘာလ ၁၆ ရက်နေ့က စစ်(...)စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၁၇ ရက်နေ့မှာ စစ်(...)တွေ ဝင်ရောက်တပ်စွဲပြီး အရင်ရက်တွေက နေအိမ် ၇ လုံးနဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ နေအိမ် ၆ လုံးကို ထပ်မံမီးရှို့ခဲ့လို့ စုစုပေါင်း နေအိမ် ၁၃ လုံး မီးလောင်ကျွမ်းခဲ့တယ်။”

စစ်ကြောင်းထိုးတုန်းကတော့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ရှိပြီး အခုလက်ရှိ အင်အား ၃၀ လောက် ရွာမှာတပ်စွဲထားကာ ပြည်သူ ၁၀၀ ကျော်ကို ဘယ်မှသွားခွင့်မပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ အသက် ၅၀ အရွယ် ဦးကျော်ဝေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ ဒေသခံက ပြောပါတယ်။

ဖက်တောရေကျေးရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိကာ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး တောထဲတွေမှာ ဖြစ်သလိုနေထိုင်ကြရကာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူမရှိတဲ့ နေအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကြသလို ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တဲ့အပြင် မြို့ပေါ်ကို သယ်သွားပြီး ရောင်းစားပစ်ကြတယ်လို့ ဆိုပါတယ်။

ဖက်တောရွာနားမှာ အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခွဲလောက်ကလည်း ဆိုင်ကယ် ၄ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား ၈ ယောက်နဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး PDF ရဲဘော်တယောက် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကာ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013